Photo

ဘင်္ဂလားဒေ့ရှ် နယ်စပ်ထိ မြန်မာ သတင်းထောက်တွေ ဘာကြောင့် မသွားသလဲ

By The Voice Weekly 19 November, 2017 - 23:35

စိန်ခေါ်မှုတွေကြားက မသေချာသော မြန်မာ့အနာဂတ်

ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်ပြီးကတည်းက မြန်မာ့အရေး ဆွေးနွေးပွဲ အတော်နည်းသွားတဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နိုဝင်ဘာ ၇ ရက်နေ့ (ရွေးကောက်ပွဲ ၂ နှစ်ပြည့်နေ့) ကတော့ “စိန်ခေါ်မှုတွေကြားက မသေချာသော မြန်မာ့အနာဂတ်”လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ Norad (Norwegian Aid) ရုံးက တာဝန်ယူ ကျင်းပတဲ့ အဲဒီပွဲမှာ ဦးဆောင် ဆွေးနွေးသူတွေကတော့ မြန်မာနိုင်ငံမှ သမိုင်းသုတေသီနဲ့ စာရေးဆရာ သန့်မြင့်ဦး Thant Myint-U နဲ့ နော်ဝေမှ (ကိုဖီအာနန်ရဲ့ ရခိုင်ကော်မရှင်အဖွဲ့ဝင်) Andreas Indregard တို့ဖြစ်ပါတယ်။

Norad အဖွဲ့ဟာ ၂၀၁၀ ရွေးကောက်ပွဲအလွန်၊ အတိအကျပြောရရင် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဆီ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြီးကတည်းက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်းရေး လုပ်ငန်းစဉ်ကို စတင် ကူညီပေးခဲ့တာပါ။ ငြိမ်းချမ်းရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အုပ်ချုပ်ရေးအဖွဲ့ အရည်အသွေး မြင့်တင်ရေး အပါအဝင် နယ်ပယ် အတော်များများဆီ ကူညီပေးနေပြီး ၂၀၁၆ တစ်နှစ်တည်းမှာတင် ခရိုနာ ၂၅၂ သန်း (အမေရိကန် ဒေါ်လာ ၃၁ သန်းဝန်းကျင်) ပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ စိန်ခေါ်မှုတွေအကြောင်းကို သန့်မြင့်ဦးက ရှင်းပြပါတယ်။ ဒုတိယ ဆွေးနွေးသူ Andreas Indregard  ကတော့ တစ်ကမ္ဘာလုံး အာရုံစိုက်နေတဲ့ ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီအရေး (ဆွေးနွေးသူတွေကတော့ ရိုဟင်ဂျာ အရေးလို့ သုံးနှုန်းကြပါတယ်) တစ်ခုတည်းကို ဦးတည် တင်ပြပါတယ်။ သူပြောတဲ့ အချက်များစွာဟာ ကိုဖီအာနန် အစီရင်ခံစာကို ညွှန်းဆိုပြောသွားတာ ဖြစ်ပါတယ်။

အဲဒီများစွာထဲက နောက်ဆုံး အကြံပြုချက်ထဲမှာ ပါဝင်တဲ့ “မြန်မာသတင်းသမားတွေ ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေဆီ ဘာကြောင့် သတင်း သွားမယူကြတာလဲ”၊ “ဘင်္ဂလားဒေ့ရှ် သတင်းထောက်တွေကကော မြန်မာဘက် ဘာကြောင့် မသွားကြတာလဲ”ဆိုတဲ့ မေးခွန်းထုတ်မှုက စာရေးသူကို စိတ်ဝင်စားစေပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ဆီ မြန်မာသတင်းထောက်တွေ ဘာကြောင့် မသွားသလဲ

ဒီလို အပြန်အလှန် သတင်းယူနိုင်ရင် ၂ နိုင်ငံ ပြည်သူတွေကြားမှာ အပြန်အလှန် နားလည်မှု တိုးလာမယ်၊ နယ်စပ်မှာ ဖြစ်နေတဲ့ပြဿနာ ပြေလည်ရေးအတွက်လည်း များစွာ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ သူက ဆိုပါတယ်။ အခု လောလောဆယ်မှာတော့ ရိုဟင်ဂျာ ပြဿနာအပေါ် ဘင်္ဂလားဒေ့ရှ် မီဒီယာက ဖော်ပြတာနဲ့ မြန်မာမီဒီယာက ဖော်ပြတာတွေဟာ လုံးဝ ဆန့်ကျင်ဘက်လို ကွဲပြားခြားနားနေတယ်။ နယ်စပ်ခြံစည်းရိုးရဲ့ အခြားတစ်ဖက်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို ၂ ဖက်စလုံး သတင်းသမားတွေ အသေအချာ ကွင်းဆင်း လေ့လာသင့်တယ်လို့ သူက ပြောပါတယ်။

သူ မေးမယ်ဆိုလဲ မေးချင်စရာပါပဲ။ CNN, BBC, Aljazeera, Skynews လို နိုင်ငံတကာ ရုပ်-သံ မီဒီယာတွေ၊ နယူးယောက်တိုင်းမ်၊ ဝါရှင်တန်ပို့စ်၊ ဂါးဒီးယန်း စသဖြင့် နိုင်ငံတကာ သတင်းစာတွေက သတင်းထောက်တွေ ကိုယ်တိုင် ဒုက္ခသည်စခန်းနဲ့ နယ်စပ်ထဲအထိဝင်ပြီး နေ့စဉ် သတင်း တင်ပြနေချိန်မှာ မြန်မာ သတင်းသမားတွေက ဘာကြောင့် အဲဒီဒေသဆီ သွားပြီး သတင်းမယူကြတာလဲ။

တစ်နေ့က (တနင်္လာနေ့၊ နိုဝင်ဘာ ၁၃ ရက်) ဆိုရင် Skynews က ည ၇ နာရီသတင်း တစ်နာရီစာစလုံးကို ရိုဟင်ဂျာအကြောင်းချည်း အထူး အစီအစဉ်အနေနဲ့  ပြသွားတာ တွေ့မိပါတယ်။ တခြား သတင်းဌာနတွေကလည်း နာမည်ကြီး သတင်းထောက်တွေကိုယ်တိုင် နယ်စပ်အထိ သွားပြီး သတင်းယူ တင်ဆက်နေပါတယ်။ ဒါတွေဟာ အာဆီယံ-အစည်းအဝေးတွေ၊ အမေရိကန် သမ္မတရဲ့ အာရှခရီး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ နေပြည်တော် ခရီးစဉ်တွေနဲ့ အချိန်ကိုက် ဖြစ်နေပါတယ်။

ဒီလိုအချိန်မျိုးမှာ မြန်မာ သတင်းသမားတွေက ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆီ ဘာကြောင့် မသွားကြတာလဲ။ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေဆီ မြန်မာသတင်းသမားတွေ မကြာခဏ ရောက်လေ့ ရှိပေမယ့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းဆီ သတင်းသွားယူတဲ့ မြန်မာ သတင်းထောက် (စက်တင်ဘာလက ဖမ်းဆီးပြီး ပြန်ပို့ခံရတဲ့ ဂျာမန်မဂ္ဂဇင်း GEO ဓာတ်ပုံသတင်းထောက် မင်းဇေယျာဦးနဲ့ ခွန်လတ်တို့မှအပ) မတွေ့မိသေးပါ။ ဘာကြောင့်လဲ။

ပရိသတ်မကြိုက်တာ Self-censor ဖြစ်နေသလား

ပြည်တွင်း-ပြည်ပရှိ မြန်မာသတင်းသမား တချို့ကို မေးကြည့်တဲ့အခါ လန်ဒန်အခြေစိုက် BBC မြန်မာပိုင်း အသံလွှင့်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဒုက္ခသည်စခန်းဆီ သတင်းယူခွင့်ရဖို့ ဘင်္ဂလားဒေ့ရှ် သံရုံးမှာ ဗီဇာလျှောက်ထားတာ အတော်ကြာနေပြီ။ အခုထိ ဘာမှအကြောင်းပြန်ကြားချက် မရသေးဘူးလို့ ပြောပါတယ်။ ရန်ကုန်ရှိ အယ်ဒီတာ တစ်ဦးကတော့ တစ်ဦးချင်းသွားဖို့ မလွယ်ဘူး။ အုပ်စုလိုက် သွားနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ သတင်းမီဒီယာကောင်စီမှ ဦးမြင့်ကျော်ကတော့ ပရိသတ် မကြိုက်တဲ့သတင်းတွေကို မထည့်ချင်လို့ မသွားတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ပထမတစ်ချက်က မြန်မာသတင်းဌာနတွေအနေနဲ့ နိုင်ငံရပ်ခြားသွားပြီး သတင်းယူဖို့ ဘဏ္ဍာရေး အခက်အခဲ ရှိနိုင်ပါတယ်။ ဒုတိယအချက်က စာဖတ်ပရိသတ် မကြိုက်တဲ့၊ စာဖတ်ပရိသတ်နဲ့ သဘောထား ကွဲတဲ့အချက်အလက်တွေကို သတင်းစာ၊ ဂျာနယ်တွေမှာ ထည့်သွင်း ဖော်ပြဖို့ သတင်းသမားတွေ၊ ထုတ်ဝေသူတွေဘက်က စိုးရိမ်နေပုံရတယ်။ ဒီအချက်က ပိုအရေးကြီးတယ်”လို့ သူကဆိုပါတယ်။ သူပြောတဲ့ ဒုတိယအချက်ကို သတင်း လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအရေး ပြောနေသူတွေ အားလုံး အလေးအနက် စဉ်းစားသင့်ပါတယ်။

အခု ဒီဆောင်းပါးကို ဖတ်နေသူတွေထဲမှာကော သူပြောတဲ့ စာဖတ် ပရိသတ်စာရင်းထဲက လူတွေ ရှိနေပါသလား။ ကိုယ်နဲ့ သဘောထား တိုက်ဆိုင်တဲ့သတင်းကိုပဲ ကြားချင်ပြီး သဘောထား မတူတဲ့သတင်း၊ ဆောင်းပါးဆို ဝယ်မဖတ်ကြတော့ဘူးလား။ ဒါဆိုရင် အမြင်မတူတဲ့ လူတွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့၊ ဘာသာမတူ၊ လူမျိုးမတူ၊ အသားအရောင် မတူသူတွေနဲ့ အတူယှဉ်တွဲ နေထိုင်ဖို့၊ Multi Culture ကို လက်ခံဖို့ဆိုတာ စိတ်ကူးယဉ်မှု သက်သက်များ ဖြစ်နေလေမလား။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် NLD အစိုးရခေတ်မှာ ဆင်ဆာ မရှိတော့ဘူးဆိုပေမယ့် ပရိသတ်ကိုကြောက်လို့ ကိုယ့်ဘာသာ ဆင်ဆာဖြတ်နေရတဲ့ Self-censorship ဘဝဆီ မြန်မာ သတင်းသမားတွေ ရောက်နေပြီဆိုတဲ့သဘောလား။ လူထုကို ဦးဆောင်ပညာပေးရမယ့် မီဒီယာသမားတွေ၊ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို တာဝန်အရ ထုတ်ဖော်ပေးရမယ့် မီဒီယာသမားတွေဟာ ပရိသတ်ဖိအားကို မလွန်ဆန်ရဲပဲ ဖြစ်နေကြပြီလား။ ဒါဟာ ၂ နှစ်သား NLD အစိုးရသစ်လက်ထက်နဲ့ ဦးသိန်းစိန်အစိုးရ  ၅ နှစ်သက်တမ်းအတွင်း အသိသာဆုံး တိုးတက်မှုအဖြစ် အများက သတ်မှတ်ထားတဲ့ မီဒီယာ လွတ်လပ်ခွင့်ကိုပါ ခြိမ်းခြောက်လာနေတဲ့သဘော ဖြစ်ပါတယ်။

ဒါကို ကာကွယ်နိုင်ဖို့အတွက် မြန်မာသတင်းသမားတွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ရခိုင်နယ်ထဲအထိသွားပြီး သတင်းယူခွင့်ရအောင် ကြိုးစားသင့်ပါတယ်။ မတူကွဲပြားတဲ့ နှစ်ဖက်အမြင်တွေကို ဖော်ပြပြီး လွတ်လပ်စွာ သဘောထား ကွဲခွင့်နဲ့ မီဒီယာ လွတ်လပ်ခွင့်ကို ထုတ်ဖော်ဖို့ လိုနေပါတယ်။ ဒီလိုလုပ်နိုင်မှသာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ပိုမိုအားကောင်းလာစေပြီး မီဒီယာ လွတ်လပ်ခွင့် ခိုင်မာလာမှာ ဖြစ်ပါတယ်။      ။

ထက်အောင်ကျော်
http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)