Photo

စီးပွားရေးလုပ်ဖို့ ခက်ခဲတဲ့ တိုင်းပြည်

By The Voice Weekly 28 November, 2017 - 23:59

တစ်လောက မြန်မာနိုင်ငံကို စီးပွားရေး လုပ်ကိုင်ဖို့ ခက်ခဲတဲ့ တိုင်းပြည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့သုံးသပ်ချက် စာစောင်တစ်ခုမှာ ဖော်ပြထားတာ ဖတ်လိုက်ရပါတယ်။ မအံ့ဩပါဘူး။ မြန်မာနိုင်ငံက စီးပွားရေး လုပ်ဖို့တင် မဟုတ်ဘူး။

ဘာလုပ်လုပ် ခက်ခဲတဲ့တိုင်းပြည် ဖြစ်ပါတယ်။ ဒီက လူတွေဆိုတာ အစိုးရရုံးဌာနတွေနဲ့ မဆက်ဆံချင်ကြပါဘူး။ အခုမှ မဟုတ်ဘူး။ အရင်ကတည်းက ဒီအတိုင်းပဲ။ အစိုးရရုံးတွေဆီ သွားရမယ်ဆို အတော် ကြောက်ကြတယ်။ အစိုးရရုံးတွေဟာ ပွင့်လင်းမြင်သာမှု အားနည်းတယ်။ အခုနောက်ပိုင်း အစိုးရရုံး အတော်များများ ပြောင်းလဲဖို့ ကြိုးစားကြပါတယ်။ သို့သော် အမှန် ပြောင်းလဲတယ်လို့ ပြောဖို့ကတော့ အတော်ကြီး စောနေပါသေးတယ်။ ဒီနေ့ကာလ လူတွေရဲ့ အစိုးရရုံးတွေအပေါ် အားကိုးယုံကြည်မှုက အနုတ်သဘောမှာပဲ ရှိနေပါသေးတယ်။

ဘာကြောင့် လူတွေ အစိုးရရုံးတွေအပေါ် ယုံကြည်မှု နည်းတာလဲဆိုရင် ပွင့်လင်းမြင်သာမှု အားနည်းတာပေါ့။ အဲဒါ အဓိက ကျတယ်။ လူတွေက အခွန်တွေသာ ပိုပြီး ပေးလာရတယ်။ အဲဒီအခွန်ငွေတွေ ဘယ်လို သုံးစွဲသလဲဆိုတာ သိချင်ကြတယ်။ လူတိုင်း၊ လုပ်ငန်းတိုင်း မှန်မှန်ကန်ကန် အခွန် ဆောင်ကြသလား၊ တစ်ပြေးညီ ဆောင်ကြသလားဆိုတာ သံသယရှိကြ တယ်။ အခွန်ငွေကြောင့် တိုင်းပြည် ဘာတွေတိုးတက်လာသလဲ။ ကိုယ်က ဘာတွေ ပြန်ရမှာလဲဆိုတာ သိချင်ကြတယ်။ နိုင်ငံသား စိစစ်ရေးကတ်ပြားဆိုလည်း ဒီလိုပဲ။ ဟောင်းလို့ အသစ်လဲချင်တောင် အဲဒီအစိုးရရုံးတွေ မသွားချင်လို့ ဒီလိုပဲ အဟောင်းကို ဆက်ကိုင်ထားရတယ်။ ခင်တဲ့ အရာရှိတစ်ယောက်နဲ့ မေးကြည့်တော့လည်း မလဲပါနဲ့။ အလုပ်ရှုပ်မယ် ဆိုတာနဲ့ အဟောင်းပဲ ဆက်ကိုင်တယ်။ စာရေးသူက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လုပ်တော့ နိုင်ငံခြားသားတွေက စာရေးသူ နိုင်ငံသား စိစစ်ရေး ကတ်ပြားကို တောင်းယူကြည့်ရှုလေ့ရှိတယ်။ ဒီနိုင်ငံမှာက ရခိုင်ကိစ္စနဲ့ဆက်စပ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိနိုင်မှု ခက်ခဲတယ်လို့ သတင်းကြီးတယ်လေ။ စာရေးသူရဲ့ ဟောင်းနွမ်းနေတဲ့ နိုင်ငံသားကတ်ကိုကြည့်ပြီး အံ့အားသင့်တာပေါ့။ ဒီနိုင်ငံက ပိုက်ဆံတင် အဟောင်း မဟုတ်ဘူး။ နိုင်ငံသားကတ်ကလည်း အဟောင်းပါလားပေါ့။ ဒါတောင် စစ်အစိုးရခေတ်ကဆိုရင် ကားတွေလည်း အဟောင်း၊ တိုက်တွေလည်း အဟောင်း၊ အစိုးရရုံးတွေလည်း အဟောင်း၊ လုပ်ထုံးလုပ်နည်းတွေလည်း အဟောင်း၊ တကယ့် အဟောင်း တိုင်းပြည်ပဲဗျာ။ အရင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကစလို့ လူတွေ မိုဘိုင်းလ်ဖုန်းတွေ ပိုသုံးလာနိုင်တယ်။ ကားအကောင်းတွေ စီးလာနိုင်တယ်။ တိုက်တာ ဆောက်လုပ်မှုတွေ ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ သို့သော် လူတွေရဲ့ စိတ်အခံကတော့ ထူးထူးခြားခြား ပြောင်းလဲမှု မရှိလှဘူး။ ဆိုချင်တာ အစိုးရရုံးတွေ၊ ဆိုင်းဘုတ်တွေ၊ အဆောက်အအုံတွေသာ ပြောင်းလဲသစ်လွင်သွားမယ်။ အတွင်းက ဝန်ထမ်းတွေရဲ့ စိတ်အခံက ပြောင်းလဲမှုမရှိတော့ ပြည်သူကို ဝန်ဆောင်မှု ပေးရာမှာတော့ ဘာမှ ထူးခြားတိုးတက်မှု မရှိလှဘူး။

နိုင်ငံခြားကလာပြီး ရင်းနှီးမြှုပ်နှံတယ်၊ စီးပွားရေး လုပ်တယ်ဆိုရင် ပြည်တွင်းက ဆက်စပ် အစိုးရအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးတယ်။ နိုင်ငံခြားသားတွေက ဝန်ထမ်းတွေနဲ့ ဆက်သွယ်ရတယ်။ ဆက်ဆံရတယ်။ ပြောဆို ဆွေးနွေးရတယ်။ ဒါကြောင့် ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပွင့်လင်းမြင်သာမှုက အရေးကြီးတယ်။ မှတ်မိသေးတယ်။ စစ်အစိုးရလက်ထက်က စာရေးသူ အစိုးရဘဏ်တစ်ခုမှာ အရာထမ်းတာဝန် ထမ်းဆောင်နေခဲ့တယ်။ အရာထမ်းဆိုတာ လက်ထောက်မန်နေဂျာ အဆင့်ပေါ့။ ဘဏ်ဆိုပေမယ့် နိုင်ငံခြားငွေကြေးနဲ့ ပတ်သက်တဲ့ဘဏ်ဖြစ်လို့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေနဲ့ ဆက်ဆံရတယ်။ စာရေးသူက အင်္ဂလိပ်စကားလည်း ပြောတော့ အချို့ နိုင်ငံခြားသားတွေနဲ့ ခင်တယ်ပေါ့။ အဲဒီမှာ သူတို့ လုပ်ကိုင်ရ အဆင်မပြေတာတွေ ရင်ဖွင့်တာ ခဏခဏကြုံရတယ်။ နောက်တော့ အမှန်တကယ် စည်းစနစ်နဲ့ ရင်းနှီးမြှုပ်နှံ ချင်တဲ့ နိုင်ငံခြားကုမ္ပဏီတွေ ပြန်သွားကြတယ်။ စစ်အစိုးရကာလ ဒီမှာက လုပ်ထုံးလုပ်နည်းက စနစ်မကျ၊ လုပ်ထုံးလုပ်နည်းတွေ ခဏခဏ ပြောင်း၊ ဝေ့လည်ကြောင်ပတ် ဖြေတာတွေနဲ့ ကြုံရဆိုတော့ ကြာတော့ သူတို့ စိတ်ပျက်သွားတယ်။ ဘယ်လို နိုင်ငံခြားကုမ္ပဏီတွေ ကျန်ခဲ့သလဲဆိုတော့ ခပ်လည်လည် ကုမ္ပဏီမျိုးတွေ ကျန်ခဲ့တယ်။ အစိုးရဝန်ထမ်းတွေနဲ့ ပေါင်းစားမယ်၊ အခွန်ရှောင်မယ်၊ ဒါမျိုးကုမ္ပဏီတွေ ကျန်ခဲ့တယ်။ ဒါကြောင့်လည်း စစ်အစိုးရ လက်ထက်မှာ ဒီနိုင်ငံ စိတ်ပိုင်းဆိုင်ရာ ဒီလောက်အထိ စုတ်ပြတ်ကျန်ခဲ့တာပေါ့။

အရင်အစိုးရတွေလက်ထက် ဝန်ထမ်းအဖွဲ့အစည်းတွေ စွမ်းဆောင်ရည် အားနည်းတယ်ဆိုရင် အခု NLD အစိုးရလက်ထက်မှာကော ဝန်ထမ်း စွမ်းဆောင်ရည် အခြေအနေတွေ ဘယ်လိုရှိပါသလဲ၊ အစိုးရဝန်ထမ်း လုပ်သက် ၁၄ နှစ်မကရှိခဲ့တဲ့ စာရေးသူရဲ့ ဝန်ထမ်းမိတ်ဆွေတွေကတော့ ဒီလိုပါပဲဗျာ။ အရင်အတိုင်းပါပဲဗျာလို့ပဲ တုံ့ပြန်ကြပါတယ်။ အထက်နဲ့ အောက် ဆက်ဆံရေးကလည်း အပြောင်းအလဲ မရှိဘူး။ လူကြီးနဲ့ အဆင်ပြေရင် မျက်နှာသာ အပေးခံရမယ်။ အဆင်မပြေရင် ချောင်ထိုးထားမယ်။ အရည်အသွေးကို အခြေပြု အကဲဖြတ်တာမျိုး မဟုတ်ဘဲ နီးစပ်မှုအပေါ် မျက်နှာသာ ပေး အကဲဖြတ်မှုတွေက ဘာမှအပြောင်းအလဲ မရှိလှဘူးလို့ ဆိုကြပါတယ်။ ဒီတော့ အစိုးရဌာနများအတွင်းမှာ ဖောက်ထွက်တွေးခေါ် တက်ကြွစွာ လုပ်ဆောင်နိုင်မှုဆိုတဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မယ့် အခင်းအကျင်းမျိုးက ရှင်သန်မလာဘူး။ အပေါ်က မခိုင်းရင် မလုပ်ဘူးဆိုတဲ့ အခြေအနေက အပြောင်းအလဲ မရှိဘူး။ အဝေးကြီး မကြည့်နဲ့ဗျာ။ အခု နိုင်ငံခြားရေးဝန်ကြီးဌာနကိုပဲ ကြည့်ပါ။ စာရေးသူတို့ အစိုးရဝန်ထမ်း လျှောက်ထားစဉ်က နိုင်ငံခြားရေး ဝန်ကြီးဌာနဆို လူတိုင်း လုပ်ချင်ကြတယ်။ အခုလည်း လုပ်ချင်ကြတာပါပဲ။ အစိုးရဝန်ထမ်း လျှောက်ထားလိုသူများအကြားမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဝင်ရောက် တာဝန်ထမ်းဆောင်ဖို့ဆိုတာ အိပ်မက်တစ်ခုလိုပဲ။ အကပ်မရှိရင် မရဘူး၊ အတွင်း အဆက်အသွယ်မရှိရင် မရဘူးဆိုပြီး လူတွေက ဒီလိုပဲတွက်ကြတယ်။ လူတွေက အခု အစိုးရလက်ထက်မှာလည်း ဒီလိုပဲ တွေးကြတယ်။ နိုင်ငံ့ဝန်ထမ်းများ မဟာဗျူဟာတွေ ချမှတ်တာမျိုးထက် အစိုးရဌာနကြီးတွေမှာ နိုင်ငံခြားရေးလိုဌာနမျိုးတွေမှာ အရည်အချင်း ရှိတဲ့ သာမန်ပြည်သူ စိတ်ဝင်စားသူတွေ တာဝန် ထမ်းဆောင်နိုင်တယ်ဆိုတဲ့ အခင်းအကျင်းလေးတွေပဲ ထင်သာမြင်သာ ဖော်ဆောင်ပေးနိုင်ဖို့ ကြိုးစား ကြည့်စေချင်ပါတယ်။ ဘာပြောတယ်၊ အခုမှ အစမို့လို့ ဟုတ်လား။ နှစ်နှစ်ပဲ ရှိသေးလို့ပေါ့ ဒါမျိုးလား။ ရှိပါစေတော့ဗျာ။ မပြောတော့ဘူး။ နိုင်ငံရေးတွေ ပါကုန်မယ်။

ခက်တာက ကြီးကြီးကျယ်ကျယ် မဟာဗျူဟာတွေ၊ စီမံချက်တွေသာ ချမှတ်လုပ်ဆောင်နေတာဗျ။ လူတွေက ယုံကြည်မှု နည်းတယ်။ အင်မတန် နည်းတယ်။ နည်းဆို သူတို့ ထိတွေ့ ဆက်ဆံရတဲ့ဝန်းကျင်က အပြောင်းအလဲ မရှိဘူးလေဗျာ။ အပြောင်းအလဲဆိုတာ လက်တွေ့ ခံစားချက်က လာရတာ ဖြစ်တယ်။ လူတွေရဲ့ အတွေ့အကြုံအရဆိုရင် ဒီနိုင်ငံမှာက အစပိုင်းမှာလုပ် လိုက်ရင် အကြီးကြီးပဲ၊ နောက်ပိုင်း အဖျားရှူးသွားတာများတယ်။ စာရွက်ပေါ်မှာ ကောင်းတယ်။ လက်တွေ့ မစွံဘူးပေါ့။ အတွေးအခေါ် အိုင်ဒီယာကတော့ ကောင်းတယ်။ လုပ်မယ့်လူကျတော့ မရှိဘူးပေါ့။ ဒါမျိုး ဖြစ်နေတယ်။ အရင်အစိုးရလက်ထက်ကတည်းကလို့ ထင်တယ်။ One-stop service ဆိုပြီး ပြည်သူ့ဝန်ဆောင်မှုဌာနတွေ နေရာအနှံ့ ပေါ်လာခဲ့တယ်။ အခုအထိလည်း ရှိနေတယ်။ အများအမြင်မှာတော့ တစ်နေရာတည်းမှာ လိုအပ်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ပေးတယ်ပေါ့။ စာရေးသူ အလုပ်ကိစ္စနဲ့ မြို့ကြီး အတော်များများကိုရောက်ရင် အဲဒီ One-stop service ဆိုတဲ့ နေရာတွေဆီ ဝင်လေ့လာဖြစ်တယ်။ လူတွေက မရှိသလောက်ပဲ။ လာလည်း မလာကြဘူး။ မလာဆို ယုံကြည်မှုက မရှိဘူး။ ပြည်သူဆိုတာ သိမှု အားနည်းတယ်။ ရချင်တာ၊ လိုချင်တာ၊ ဖြစ်ချင်တာပဲ သိတယ်။ အခုဆို သူတို့အခွန်တွေ ပိုပြီး ပေးဆောင်လာရတယ်။ ဒီတော့ ကောင်းမွန်တဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းစဉ်တွေ ပိုအလိုရှိတယ်။ တစ်နေရာတည်းမှာ တကယ်ပြီးသွားမလား။ ဘာတွေ ပြီးပြတ်မှာလဲ။ သတင်း အချက်အလက်လောက်နဲ့ ဆိုရင်တော့ အဆင်မပြေဘူး။ ပြည်သူတွေ လိုချင်တဲ့နိုင်ငံရေးဆိုတာ နေ့စဉ်ဘဝ သာယာ ချောမွေ့ဖို့ ဖြစ်ပါတယ်။ အခုတော့ ဒါတွေ ဖြစ်မလာသေးဘူး။ ဘာပြောတယ်၊ အခုမှ အစမို့လို့ ဟုတ်လား။ နှစ်နှစ်ပဲ ရှိသေးလို့ပေါ့ ဒါမျိုးလား။ ရှိစေတော့ဗျာ။ မပြောတော့ဘူး။ နိုင်ငံရေးတွေ ပါကုန်မယ်။

ဒါကြောင့် စာရေးသူကတော့ မြန်မာနိုင်ငံကို စီးပွားရေးလုပ်ဖို့ ခက်ခဲတဲ့တိုင်းပြည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် သုံးသပ်ချက် စာစောင်တစ်ခုမှာ ဖော်ပြတယ်ဆိုတာကို မအံ့ဩပါဘူးဗျာ။ ပြောတာ၊ ဖော်ပြတာတောင် နောက်ကျ နေပါသေးတယ်။ အခုဟာက အရှေ့တောင်အာရှဒေသက အင်မတန် ဆင်းရဲပါတယ်ဆိုတဲ့ ကုန်းတွင်းပိတ် လာအိုတို့၊ ပြည်တွင်းစစ်ကြောင့် လူသန်းချီ သေဆုံးခဲ့ရတဲ့ ကမ္ဘောဒီးယားတို့ထက်ကို မြန်မာက နောက်ကျကျန်နေတာနော်။ စီပွားရေး လုပ်ကိုင်ရ ခက်ခဲနေတာနော်။ ဆုတောင်းပွဲတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေလောက်မှာပဲ မျောမနေကြနဲ့။ ဒီအတိုင်းသွားနေရင် နောက်ဆို ပိုဆိုးမယ်။ စီးပွားရေးကို ပိုပြီး အာရုံစူးစိုက်၊ အစိုးရဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ နိုင်ငံသား တစ်ယောက်အနေနဲ့ ဒီ ဆောင်းပါးကတစ်ဆင့် တိုက်တွန်းလိုက်ပါတယ်။

အောင်အောင် (IR)
http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)