Photo

နေတိုးနဲ့ တွေ့ဆုံခြင်း

By The Voice Weekly 6 November, 2017 - 21:58

မကြာမီရုံတင်ပြသတော့မယ့် “တာတေကြီး”ရုပ်ရှင်ကားမှာ မိန်းမလျာတာတာ ဇာတ်ရုပ်နေရာကနေ အထူးပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်နေတိုးနဲ့ တွေ့ဆုံပြီး ဇာတ်ကားအကြောင်း၊ ဇာတ်ရုပ်အကြောင်းနဲ့အတူ အခက်အခဲများအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။


Voice : အကြိမ်ကြိမ် ငြင်းခဲ့ဖူးတဲ့ တာတာဇာတ်ရုပ်အတွက် Mood တော်တော် သွင်းခဲ့ရတာ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ။
NT : အမှန်အတိုင်း ပြောရရင်တော့ ဒီဇာတ်ကို စတည်တုန်းက ကျွန်တော့်နေရာအတွက် တခြား သရုပ်ဆောင်တစ်ယောက်ကို ရှာတယ်။ ဒီကားရိုက်ဖို့ သရုပ်ဆောင်တွေကို ရှစ်လ၊ တစ်နှစ်လောက် ရှာတဲ့အခါမှာ တာတာနေရာမှာ သရုပ်ဆောင်မယ့်လူက နည်းနည်းလေး ခဲယဉ်းမှု ရှိတယ်။ အဲ့ဒါကြောင့် ကိုဝိုင်းကရော ပရိုဂျူဆာကပါ နေတိုးကိုယ်တိုင်ပဲ သရုပ်ဆောင်ပေးပါ၊ ဇာတ်ညွှန်းကိုလည်း နည်းနည်းလေး ပြန်ပြင်ဆင်မယ်ဆိုတာနဲ့ သရုပ်ဆောင်ဖြစ်တာပါ။ အဓိက ကျွန်တော့်အနေနဲ့ ကိုယ့်ဆီ ရောက်လာတဲ့ အနုပညာတစ်ခု၊ ကိုယ်ကြိုးစားအားထုတ်ရမယ့် ဇာတ်ရုပ်တစ်ခုအပေါ်မှာ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ သရုပ်ဆောင်ခဲ့ပါတယ်။

Voice : အက်တင် အပြောင်းအလဲတွေ အများကြီး လုပ်ရပေမယ့် ဇာတ်အပေါ်မှာ စီးမျောသွားနိုင်တာက ဘာကြောင့်ဖြစ်မလဲ။
NT : ဒီကားက သာမန်ထက် ရိုက်ကူးမှု အချိန် ပိုယူထားတယ်။ ဒီဇာတ်လမ်းက အချိန်ကြာမယ်၊ လုပ်ရမယ့် အက်တင်တွေကလည်း နည်းနည်းလေး ခက်ခဲမှုရှိတယ်။ နောက်တစ်ခုက ဒီကားမှာဆိုရင် တကယ့် မိန်းမလျာ တစ်ယောက်ရဲ့ဘဝကိုလည်း ထဲထဲဝင်ဝင် ရိုက်ပြထားတယ်။ သူတို့ရဲ့ စိတ်သဘောထားတွေ၊ သူတို့ရဲ့ ဝါသနာတွေ၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ သူတို့အပေါ်မှာ ပြုမူဆက်ဆံရမယ့် အနေအထားတွေကိုပါ ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ကားတစ်ကားဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ တာတာဇာတ်ရုပ်ကို ဝင်အောင် လုပ်တဲ့အချိန်မှာ တချို့ လေ့လာခဲ့ရတဲ့ အပိုင်းတွေ၊ သင်ယူခဲ့ရတဲ့အပိုင်းတွေ၊ မိန်းမလျာ အများစု ကလေ့ရှိတဲ့ အကပုံစံတွေကို အချိန် အများကြီး ယူပြီးတော့ လုပ်ခဲ့ရပါတယ်။

Voice : ဒါဆို သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ခဲ့ပုံ ကောင်းတာကြောင့် အသက် ဝင်နေတာနဲ့ တူတယ်နော်။
NT : ဒီကားမှာ တာတာဇာတ်ရုပ်က ပင်ပန်းတဲ့ ဇာတ်ရုပ်တစ်ခုလည်း ဖြစ်တယ်။ နောက်တစ်ခုက ရသပိုင်းအရမှာလည်း တော်တော်လေးကို ထိထိရောက်ရောက် ပရိသတ်ကို ပေးနိုင်အောင် ကြိုးစားထားတာဆိုတော့ ဝတ်စားဆင်ယင်မှုအပိုင်း၊ စကား အပြောအဆို ဒိုင်ယာလော့ခ်တွေကအစ ပုံမှန် ကားတွေထက်ကို ပိုပြီးတော့ ဂရုတစိုက်နဲ့ သရုပ်ဆောင်ခဲ့ရတဲ့ကားပါ။ အဲ့ဒါကြောင့် ကျွန်တော့်အနေနဲ့လည်း တာတာဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင် လိုက်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိပါတယ်။

Voice : “တာတေကြီး” ရုပ်ရှင်ကားက ကိုယ့်အတွက် အမှတ်တရ ဖြစ်စေမယ့်ကား တစ်ကားလား။
NT : ကျွန်တော်ရိုက်တဲ့ ကားတွေထဲမှာ Life, Horror နဲ့ ဒရာမာရောထားတဲ့ ကားမျိုးက တော်တော် ရှားပါတယ်။ ဒီကားက ပထမဆုံး ကားလို့တောင် ပြောရင်ရပါတယ်။ နောက်တစ်ခုက ကျွန်တော့်အနေနဲ့ မိန်းမလိုဝတ်ပြီး သရုပ်ဆောင်တာလည်း နည်းပါတယ်။ အဲ့ဒါကြောင့် ဒီကားက ကျွန်တော့်ထက်စာရင် ကျွန်တော့်ပရိသတ်အတွက် ပိုပြီးတော့ အမှတ်တရ ဖြစ်မယ်နဲ့တူပါတယ်။ အဓိက ကျွန်တော့်ဘက်ကနေ ဇာတ်လမ်းတင်ပြမှုပိုင်းနဲ့ သရုပ်ဆောင်မှုမှာ ကွဲထွက်အောင် လုပ်ထားပါတယ်။

Voice : ရုံမတင်သေးခင်ကတည်းက နေတိုးက တာတာဇာတ်ရုပ်နဲ့ တတိယမြောက် အကယ်ဒမီဆု ရရှိတော့မှာပဲဆိုတဲ့ အသံတွေ ထွက်နေတယ်၊ အကယ်ဒမီအတွက် ကိုယ်တိုင် ရင်ခုန်ထားလား။
NT : အဓိက ကျွန်တော်တို့လို ဖန်တီးသူတွေ၊ သရုပ်ဆောင်တွေ ဆိုတာက ဇာတ်လမ်း၊ ဇာတ်အိမ်နဲ့ ဇာတ်ရုပ်အပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ကြတာပါပဲ။ နောက်တစ်ခုက ပရိသတ်တွေရဲ့ တာတာဇာတ်ရုပ်အပေါ်မှာ မြင်တဲ့အမြင်လည်း လိုပါသေးတယ်။ အဲ့ဒါကြောင့် ကျွန်တော့် ပရိသတ် တော်တော်များများက တာတေကြီးကားနဲ့ အကယ်ဒမီဆု ရစေချင်တဲ့ ရည်ရွယ်ချက်ရှိရင်လည်း ကျွန်တော့်အနေနဲ့ မျှော်လင့်မိမှာပေါ့နော်။ အဓိက ကျွန်တော်က အနုပညာကိုပဲ ဦးစားပေးပြီးတော့ ပရိသတ်ကို အမြဲတမ်း ပေးဆပ်ချင်တယ်၊ ပရိသတ်ရဲ့အားပေးမှုနဲ့ပဲ ရှေ့ဆက်ပြီးတော့ အနုပညာကို လျှောက်လှမ်းမယ့်သူဆိုတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ရင်ခုန်တာမျိုး ကျွန်တော့်မှာမရှိပါဘူး။

Voice : “တာတေကြီး” ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး နောက်ဆုံးအနေနဲ့ ပရိသတ်ကို နှုတ်ဆက်ပေးပါဦး။
NT : “တာတေကြီး”ရုပ်ရှင်ကားက သရဲကား ဆိုပေမယ့် ပရိသတ် ကြိုက်နှစ်သက်မယ့်ကားပါ။ နောက်တစ်ခုက ပရိသတ် မျှော်လင့်မထားတဲ့ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှု ပုံစံတွေကိုလည်း တွေ့ရမယ့် ကားတစ်ကား ဖြစ်ပါတယ်။ အဓိက တာတာ ဇာတ်ရုပ်အပေါ်မှာ ကျွန်တော့်ရဲ့ အနုပညာ ကြိုးစားအားထုတ်မှု၊ ဒါရိုက်တာရဲ့ တင်ပြပုံကောင်းတွေကြောင့် ပရက်ရှိုး ကြည့်ရတဲ့အချိန်မှာ တော်တော်လေးလည်း ကျေနပ်သလို ကိုယ်တိုင်လည်း ဒီကားကြည့်နေရင်းနဲ့ တာတေကြီးရဲ့ ပရိသတ် တကယ် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ပရိသတ်တွေအတွက် ရင်ခုန်မှု ထပ်တိုးစေမယ့်ကားတစ်ကား ဖြစ်တာကြောင့် လာရောက်ကြည့်ရှုကြဖို့ ပရိသတ်ကြီးကို ဖိတ်ခေါ်ချင်ပါတယ်။

ဝင်းထွန်းနိုင်
http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)