Photo

ဘဏ္ဍာနှစ် ပြောင်းလဲသတ်မှတ်ခြင်းနှင့် ပြည်သူ့အသံ People Voice

By 7Day News 6 November, 2017 - 22:30

ဘဏ္ဍာနှစ်အပြောင်းအလဲက ဆောက်လုပ်ရေးလုပ်ငန်းများအပါအ၀င် တိုင်းပြည်အတွင်း ငွေကြေး လည်ပတ်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြုနိုင်မည်ဟု အစိုးရကဆိုသည်။

(ဓာတ်ပုံ−စိုင်းဇော်)

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်ကို လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲသတ်မှတ် ကျင့်သုံးတော့မည်ဖြစ်သည်။ လက်ရှိ ဘဏ္ဍာနှစ် ကျင့်သုံးမှုပုံစံသည် နှစ်တစ်နှစ်၏ ဧပြီ ၁ရက်မှ နောင်တစ်နှစ် မတ်လ ၃၁ ရက်အထိဖြစ်ပြီး ယခု ပြောင်းလဲမည့်ပုံစံသည် နှစ်တစ်နှစ်၏ အောက်တိုဘာ ၁ ရက်မှ နောင်တစ်နှစ် စက်တင်ဘာ ၃၀ ရက်အထိဖြစ်သည်။ ဘဏ္ဍာနှစ် အပြောင်းအလဲကြောင့် နယ်ပယ်အသီးသီးမှ ထောက်ခံမှု၊ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ရာ ယင်းနှင့်ပတ်သက်၍ နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးအပေါ် သက်ရောက်မှုကို ဝိုင်းဝန်းဆွေးနွေးထားသော ပြည်သူ များ၏အသံကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးအောင်သူရ  (အမှုဆောင်အရာရှိချုပ်၊ စီးပွားရေးအကြံပေးကုမ္ပဏီ Thura Swiss Co.,LTD)

နှစ်ပြောင်းလဲလိုက်တာက မဆိုးဘူးတော့ထင်ပါတယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး ပြောင်းဖို့အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူးလို့ထင်တယ်။ ရုတ်တရက်ကြီး၊ ပြင်ဆင်ချိန်မရဘဲ ပြောင်းလဲလိုက်တာက နည်းနည်း ခက်သွားတာ ရှိနိုင်တယ်။ စာရင်းဇယားတွေ ဘက်ကရော ပြင်ဆင်ချိန် သိပ်မရဘူး။ အဲဒါတစ်ခုက အားလုံးအတွက် အခက်အခဲဖြစ်နိုင်တယ်။ လက်ရှိသုံးနေတဲ့ စာရင်းဇယားစနစ်တွေကအစ အကုန်လိုက်ပြောင်း ရတာပေါ့။ တချို့တွေကကျတော့ ဘယ်လိုပြောင်းလဲရင် အရင်ပြေမလဲဆိုတာ သိချင်မှသိမှာ။ ပြောင်းမယ်လို့ ဆုံးဖြတ်ထားပြီးပြီဆိုတော့ ဘာမှတော့ လုပ်လို့မရဘူးပေါ့လေ။ နည်းနည်းတော့ ကြိုတင်ပြီး ပြင်ဆင်ဖို့ အချိန် ရရင် ပိုကောင်းတာပေါ့။ လာမယ့်နှစ်ကို ပြောင်းမယ်ဆိုတာထက် နောက်၂နှစ်နေရင်၊ သုံးနှစ်နေရင် ပြောင်း မယ်လို့ပြောတာက ပိုကောင်းတာပေါ့။ ပြည်တွင်းကုမ္ပဏီတွေက ပုံမှန်ဆိုရင် မတ်လကုန်အထိ သွားရမှာကို အခု ပထမခြောက်လလားမသိဘူး နှစ်တိုးတစ်ခုဖြစ်သွားတာက ပိုပြီးတော့ အခက်အခဲကြုံရတာပေါ့။ စာရင်းတစ်ခါပိတ်ဖို့ဆိုတာက အလုပ်လည်းများတယ်။ ပင်လည်းပင်ပန်းတယ်။

ဦးဖေသန်း (မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ကျွန်တော် နည်းနည်းစိုးရိမ်တာက ၂၀၂၀-၂၁ အဲဒီဘတ်ဂျက်နှစ် ပေါ့။ အဲဒီအတိုင်း ပြောင်းလဲလိုက်မယ်ဆိုရင် အောက်တိုဘာကနေစပြီး တော့ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲမယ်ဆိုရင် လွှတ်တော်တွေ ကလည်း ဘတ်ဂျက်နှစ်ကိုလိုက်ပြီး ပြောင်းလဲပြီး ကျင်းပရမယ်။ ဘာဖြစ် လို့လဲဆိုရင် BE (ရှေ့ပြေးဘတ်ဂျက်)၊RE(ဖြည့်စွက်ဘတ်ဂျက်) မကျခင် လွှတ်တော်ကခေါ်ရတယ်။ ပြည်သူ့ဗဟိုပြု လွှတ်တော်မှာက။ အဲဒီ ကြားမှာ သာမန်လွှတ်တော်တစ်ခေါက်ရှိတော့ တစ်နှစ်ကို သုံးကြိမ် လွှတ်တော်က ခေါ်ရတယ်။ အခုကျတော့ အဲဒီအချိန်တွေ ပြောင်းသွားမယ်။ ဥပမာ ကျွန်တော်တို့က အစိုးရ ဘတ်ဂျက်အတွက် အောက်တိုဘာ မကျခင် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာမှာ ဆွဲရတယ်။ ထပ်တိုးဘတ် ဂျက်ကျတော့ ဧပြီ၊ မေ၊ ဇွန်မှာ ဆွဲရမယ်ဆိုတော့ အဲဒီလို ပြုလုပ်တဲ့ အခါမှာ ဘယ်လိုဖြစ်လာမလဲဆိုတော့ ၂၀၂၀-၂၁ မှာ ရွေးကောက်ပွဲရှိမယ်။ အစိုးရအပြောင်းအလဲရှိမယ်။ ရွေးကောက်ပွဲဆိုတာက ပုံမှန် ကျင်းပ တာက နိုဝင်ဘာမှာ ကျင်းပတာ။ ကျင်းပတယ်ဆိုတော့ ကျွန်တော်တို့ အောက်တိုဘာ၊ စက်တင်ဘာကျင်းပတဲ့ ကာလက ရွေးကောက်ပွဲ မဲဆွယ်ကာလ ကမ်ပိန်းကာလဖြစ်နေလိမ့်မယ်။ အဲဒီမှာ အချိန်က ကန့်သတ်သွား မယ်။ ဟိုမှာက ဧပြီ၊ မေ၊ ဇွန်မှာလည်းဆွဲမယ်။ ရွေး ကောက်ပွဲကာလမှာ ဘယ်လိုမှ လွှတ်တော်ရောက်မှာ မဟုတ်ဘူး။ ကမ်ပိန်းကာလမှာ အဲဒီမတိုင်ခင် တစ်ဆက်တည်း ကြိုဆွဲမယ်ဆိုရင် RE နဲ့ BE က တစ်ဆက်တည်း ဖြစ်သွားလိမ့်မယ်။ RE ကို အကောင်အထည်ဖော် နေစဉ် BE က တစ်ဆက်တည်း ဖြစ်သွားလိမ့်မယ်။ အဲဒီ လိုဖြစ်သွားလိမ့်မယ်။ နောက်တစ်ခုက ဒီ ၂၀၂၀-၂၁ မှာ BE ကို အစိုးရဟောင်းက ဆွဲခဲ့မယ်။ အစိုးရအသစ် ကျတော့ ၂၀၂၁ ဧပြီမှာ စမယ်ဆိုတော့ RE ကို သူကဆွဲရမယ်။ အဲဒီလိုဖြစ်သွားတယ်။ ဒါက နည်းနည်း အခက်အခဲရှိတယ်။ အစိုးရအပြောင်းအလဲလုပ်ဖို့ကို လွှတ်တော်ကခေါ်ရမှာ။ မခေါ်လို့မရဘူး။ အစိုးရကို အပ်ပြီးတာနဲ့ RE ဘတ်ဂျက် ဆွဲရမယ်ဆိုတဲ့အခါ အခက်အခဲရှိမယ်။ အားသာချက်တော့ ရှိကောင်းရှိမယ်။ အားနည်းချက်တွေ ကြိုတင်စီမံထားနိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစားနိုင်အောင် ပြောပြတာ ဖြစ်ပါတယ်။

ဦးကျော်မင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအလှကုန်အသင်း)

ဘတ်ဂျက်နှစ်ပြောင်းတာကတော့ အဆင်ပြေလားဆိုတော့ ဦးတို့ အလှကုန်လုပ်ငန်းတွေအတွက်ကတော့ အရမ်းကြီး အပြောင်းအလဲတော့ မရှိပါဘူး။ ဒါပေမဲ့ ဆောက်လုပ်ရေးကဏ္ဍတွေ၊ တချို့ကဏ္ဍတွေမှာတော့ အပြောင်းအလဲတော့ ရှိနိုင်တယ်။ ဥပမာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တည်ဆောက်ရေးလုပ်ငန်းတွေမှာပေါ့။ အနည်းနဲ့အများပေါ့။ ဘတ် ဂျက်နှစ်ပြောင်းလဲလို့ နိုင်ငံရေး၊ စီးပွားရေး ဘယ်လိုသက်ရောက်မှု အပြောင်းအလဲဖြစ်နိုင်လဲဆိုရင် ဒီအပြောင်းအလဲက အရမ်းကြီး အဓိက ကျတဲ့အချက်တော့ မဟုတ်ဘူးပေါ့။ အများကြီး ပြုပြင်ပြောင်းလဲမှုတွေတော့ လိုသေးတာပေါ့။ တကယ်တမ်း ပြောရရင် ဦးတို့အနေနဲ့ မြင်တာတော့ အဲဒီတစ်ခုတည်းမဟုတ်ဘဲ တခြားလိုအပ်နေတဲ့ အပြောင်းအလဲ လေးတွေလုပ်တာလည်း ကောင်းတာပေါ့။ ဒီဟာတစ်ခုတည်း ကွက်ပြောင်းရုံနဲ့တော့ ထူးခြားတဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ ဖြစ်လာဖို့ကတော့ မမြင်ပါဘူး။

ဦးမျိုးသူရအေး (ပြည်ပသို့ဆန်တင်ပို့သူ စီးပွားရေးလုပ်ငန်းရှင်)

အစိုးရရဲ့ ဘဏ္ဍာရေးနှစ်ပြောင်းလဲမှုက သီးနှံပေါ်ချိန်ဖြစ်တာ ကြောင့် တောင်သူလယ်သမားတွေအတွက် အဆင်ပြေနိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ရင်တော့ အစိုးရတင်ဒါသမား တွေအတွက် ပိုအဆင်ပြေတယ်။ ဒါပေမဲ့ ဘတ်ဂျက်ကျပြီးမှ တင်ဒါခေါ် တာတွေ၊ အစိုးရလုပ်ထုံးလုပ်နည်းတွေ အချိန်ကြာနေရင်တော့ မိုးရာသီ နဲ့ နီးသွားနိုင်တယ်။ ဒါကိုတော့ နည်းနည်း သတိပြုသင့်ပါတယ်။ ဘဏ္ဍာ ရေးနှစ် ပြောင်းတာက စီးပွားရေးကဏ္ဍတစ်ခုလုံးအတွက်တော့ သိပ်ပြီး ပြောင်းလဲသွားမယ်လို့ မထင်ဘူး။ ရလဒ်ကောင်းတွေတော့ အနည်းငယ်ရှိနိုင်ပါတယ်။ ဒီခေတ်မှာ နိုင်ငံ တော်တော်များများက ပြက္ခဒိန်နှစ်ကိုပဲ ဘဏ္ဍာရေးနှစ် သတ်မှတ်တာ အများစုဖြစ်တယ်။ ပြက္ခဒိန်နှစ်ကို ပြောင်းလဲနိုင်ရင် ပိုကောင်းတာပေါ့။

ကိုတင်မိုးဝင်း (ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ၊ ဆင်ပေါင်ဝဲမြို့)

ဘဏ္ဍာနှစ်ပြောင်းလဲလိုက်တာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင် သူတွေအတွက် အဆင်ပြေစေပါတယ်။ အရင်က တည်ဆောက်ရေး လုပ်ငန်းတွေလုပ်ချိန်က မိုးတွင်းကာလ ဖြစ်နေတတ်တော့ အလုပ်မှာ လုပ်ငန်းကုန်ကျမှု ပိုမိုကုန်ကျပါတယ်။ အခက်အခဲ အများကြီးဖြစ်သလို လုပ်ငန်းအရည်အသွေး အနည်းနဲ့အများ ထိခိုက်တယ်ဆိုတာလည်း ဝန်ခံရမှာဖြစ်ပါတယ်။ ဥပမာပြောရရင် အုတ်ဈေးပဲကြည့်ပေါ့။ မိုးတွင်း ကာလဆိုရင် အုတ်ဈေးက တက်ပါတယ်။ ပွင့်လင်းရာသီဆိုရင်တော့ ဈေးတွေက သက်သာသလို သယ်ယူပို့ဆောင်ရေးကလည်း သက်သာပါတယ်။ ဒါကြောင့် ဘဏ္ဍာနှစ် ပြောင်းလဲတာ ကောင်းပါတယ်။

ဦးစိန်ဝင်း (ကုန်သည်ကြီးများအသင်း နာယက၊ အောင်လံမြို့)

ဘဏ္ဍာရေးနှစ် ပြောင်းလဲတာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အခုလက်ရှိ စိုက်ပျိုးစရိတ်ချေးငွေပေးတဲ့ ကိစ္စက တောင်သူတွေနဲ့ အံမဝင်ဘူးဖြစ်နေတာ။ စာရွက်ထဲမှာတော့ အဆင်ချောကောင်း ချောနေ မှာပါ။ လက်တွေ့မှာက အဆင်မပြေဘူး။ စိုက်ပျိုးစရိတ်ချေးငွေကို မြို့ နယ်တစ်ခုမှာ စိုက်ဘဏ်က ကျေးရွာအုပ်စု တစ်ခုချင်းစီအလိုက် ချေး ပေးရတာဆိုတော့ ဒီဘက် အညာဒေသက ယာစိုက်ပျိုးရေး လုပ်ကိုင်သူ တွေကျတော့ စိုက်ပျိုးပြီးလို့ သီးနှံပေါ်ခါနီးအချိန်ကျမှ ချေးငွေက ရတာ ချည်းပဲ။ စချေးတာက ဇွန်၊ ဇူလိုင်လလောက်မှ စချေးတယ်ဗျာ။ တစ် အုပ်စုချင်းချေးတော့ အုပ်စုတစ်ရာရှိတဲ့ မြို့နယ်ဆိုရင် နောက်ဆုံးလူက အနည်းဆုံး သြဂုတ်၊ စက်တင်ဘာမှရတယ်။ အဲဒီအချိန်က ပဲတီစိမ်းဆို ရင် ပေါ်တောင်ပေါ်နေပြီလေ။ ဒီတော့ ဘာဖြစ်လဲဆိုတော့ စိုက်ချိန်မှာ အပြင်က အတိုးနဲ့ချေးစိုက်တယ်။ ဘဏ်ချေးငွေရတော့ ပြန်ဆပ်တယ်။ ဒါနဲ့ သံသရာလည်နေခဲ့တာပါ။ အခု ဘဏ္ဍာနှစ်ပြောင်းတော့ ဘဏ္ဍာနှစ် အစမှာစချေးမယ်ပေါ့။ မေလ စစိုက်ပျိုးချိန်မှာဆိုရင် အားလုံးရပြီလို့ သေသေချာချာကိုပဲ ပြောနိုင်မယ့် အခြေအနေဖြစ်တယ်။ နောက်ပြီးတော့ ဒီလိုပြောင်းလဲလိုက်တာက ငွေကြေးစီးဆင်းမှု ပိုမိုအဆင်ပြေစေတယ် လို့လည်း ထင်ပါတယ်။ ဘတ်ဂျက်ကုန်ဖြစ်တဲ့ မေလက အလုပ်အကိုင်ရှားပါးတဲ့ကာလဖြစ်ပါတယ်။ နွေရာသီ ကိုး။ ဒီတော့ နှစ်စဉ် အခွန်ငွေတွေ ဘာတွေဆောင်ရမယ်။ တစ်နှစ်တစ်ခါ လိုင်စင်သက်တမ်းတိုး ဆောင် ရွက်ရတဲ့ အလုပ်တွေဆိုရင်လည်း အလုပ်ပါးချိန်ဖြစ်တော့ ငွေကို ချေးငှားဆောင်ရတဲ့ဒုက္ခက ကင်းလွတ် မယ်လို့ ထင်ပါတယ်။

ဆလိုင်းအိုက်ဇက်ခင် (စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး၊ ချင်းပြည်နယ် အစိုးရအဖွဲ့)

ဘဏ္ဍာရေးနှစ်ပြောင်းလဲမှုက တစ်နိုင်ငံလုံးအနေနဲ့ ကျွန်တော် မပြောလိုဘူး။ သို့သော် ချင်းပြည်နယ်အနေနဲ့ဆိုရင် လက်ရှိဘဏ္ဍာနှစ်က တော်တော်အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုရင် ဘဏ္ဍာနှစ်စလိုက်တာ နဲ့ မိုးတွင်းဝင်လာရော။ လုပ်ငန်းဘာမှ စလို့မရဘူး။ အဲဒီတော့ အောက် တိုဘာ၊ နိုဝင်ဘာ မိုးကုန်တဲ့အခါ ကျတော့မှ စရတာ။ အဲဒီတော့ လုပ် ငန်းစပြီးတော့ ခဏလေးနဲ့ ဘဏ္ဍာနှစ်က ကုန်သွားရော။ အဲဒီအခါကျ တော့ ဘတ်ဂျက်က ပိတ်ရတော့မယ်။ ကျွန်တော်တို့က အမြဲတမ်း အလုပ်ကြွေးကျန်တွေ ပေါ်တာပေါ့။ ဆိုတဲ့အခါ ဧပြီစပြီး မတ်လပြီးတဲ့ ဘဏ္ဍာနှစ်ထားရှိမှုပုံစံက ချင်းပြည်နယ်လို မိုးတွင်းမှာ အလုပ်လုပ်ရခက် တဲ့ ပြည်နယ်အတွက်က တော်တော်ကြီး အဆင်မပြေဘူး။ မိုးတွင်းလည်း ရောက်ရော ဘဏ္ဍာနှစ်စတယ်။ တင်ဒါခေါ်လိုက်တယ်။ လုပ်ငန်းစမယ်။ အဲဒီအချိန်မှာ မိုးတွင်းဝင်လာတယ်။ အဲဒီတော့ တောက်လျှောက် သုံး၊ လေးလလောက်က ငုတ်တုတ်ထိုင်နေရတယ်။ အခု ဘဏ္ဍာနှစ်အသစ် ပြောင်းလိုက်ရင် အောက်တိုဘာမှာ စမယ်။ စက်တင်ဘာမှာ ဆုံးမယ်ပေါ့။ အဲဒီတော့ တင်ဒါလုပ်ငန်းတွေဘာတွေ ခေါ်တာနဲ့ အစောဆုံး ဒီဇင်ဘာ လောက်ဆို လုပ်ငန်းတွေစလို့ရတယ်။ ဒါဆိုရင် မေလအထိ ငါးလလောက် ကောင်းကောင်း လုပ်ငန်းလုပ်လို့ရ တယ်။ ဟိုဘက်ကျတော့ လုပ်ငန်းလက်စသတ်တဲ့အပိုင်းပေါ့။ ဘဏ္ဍာနှစ်အပြောင်းအလဲရှိတဲ့အခါ ဝန်ထမ်း တွေ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးတော့ အားလုံး တက်ညီလက်ညီ ဝိုင်းလုပ်ရမှာပေါ့။ ဝန်ထမ်းတွေအနေနဲ့ ဒီဘဏ္ဍာနှစ် အကူးအပြောင်းအပေါ်မှာ အသေအချာ ကျွမ်းကျင်ပိုင်နိုင်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ နောက်တစ်ခုက ဘဏ္ဍာနှစ်အစမှာ သင်္ကြန်ခံနေတဲ့ ကိစ္စမျိုး မရှိတဲ့အတွက်မို့ သင်္ကြန်လည်း စိတ်လွတ် ကိုယ် လွတ် နားလို့ရတယ်။

ဦးသိမ်းဆွေ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)

ဘတ်ဂျက်နှစ် ပြောင်းတာကတော့ လုပ်သင့်တဲ့အလုပ်တစ်ခုပါ။ ဒါက ပြီးခဲ့တဲ့ဘတ်ဂျက်ရာသီကတည်းက ဆောင်ရွက်ဖို့သင့်တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ ဒီနှစ်မှာမှ ပြောင်းလဲဖြစ်တယ်လို့ထင်တယ်။ အဲဒီလို ပြောင်းလိုက်တဲ့၊ ရလာတဲ့ရလဒ်က လုပ်ငန်းတွေ လုပ်ကိုင်ဆောင် ရွက်တဲ့အခါ ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ပွင့်လင်းရာသီတွေမှာ ဆောင်ရွက်လို့ရမယ်။ နောက် မိုးတွင်းကာလတွေမှာဆိုရင် စာရင်းဇယား တွေကို ပြန်ပြီးတော့ စိစစ်ရာမှာ အချိန်လုံလုံလောက်လောက်ရမယ်။ မူလ ဘတ်ဂျက်နှစ်တုန်းကဆိုရင် တစ်နှစ်နဲ့တစ်နှစ်လည်ပြီးတော့ တကယ့်တကယ် လုပ်ငန်းခွင်တွေကို မိုးတွင်းကာလတွေဆိုပြီး မလုပ်နိုင်လို့ နောက်ကျတယ်။ နောက်တစ်ခါ စာရင်းစစ်တွေမှာဆိုရင်လည်းပဲ အလောသုံးဆယ်နဲ့ တင်လာတာတွေရှိခဲ့တယ်။ အဲဒီအမှားအယွင်းတွေ နည်းနိုင်သမျှနည်းဖို့အတွက် အခု ဘတ်ဂျက်ရာသီပြောင်းလိုက်တာဟာ တိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ အလားအလာပါ။ ဒါက ဘတ်ဂျက်နှစ်ပြောင်းလိုက်ခြင်းအားဖြင့် လေလွင့်ဆုံးရှုံးသွားမယ့် ဘဏ္ဍာငွေတွေကိုလည်း အများကြီး ထိန်းကွပ်ပြီးသားဖြစ်သွားမယ်။ ဝန်ထမ်းတွေအတွက်ကလည်း ဘာမှရိုက်ခတ်မှုမရှိပါဘူး။

ဦးအောင်ဇော်မြင့် (Principal, M.S.T Institute)

  ဘတ်ဂျက်ဆိုတာ အခြေအနေလိုအပ်ချက်အရ ပြောင်းလဲခြင်းပြုရတဲ့ သဘောအခြေခံရှိပြီးသားပါ။ ဘတ်ဂျက်ရဲ့အဓိက အစိတ်အပိုင်းဟာ Planning ပါ။ Planning တစ်ခုပြီးမြောက်ပြီး ထိန်းသိမ်းထားနိုင်တဲ့ အခြေအနေကမှ ပိုမိုကောင်းမွန်တဲ့ အခြေအနေကို တက်လှမ်းနိုင်မယ်။ ဒါမှ မျှော်လင့်တဲ့ ရည်မှန်းချက်ရရှိမှာဖြစ်လို့၊ ဘတ်ဂျက်စနစ်မှာ ပုံသေ ဆိုတာမရှိပါဘူး။ ပြောင်းလဲသင့်သလို ပြောင်းလဲရတဲ့ အချိုးအကွေ့ရှိစမြဲ ပါ။ Plan မပါရင် အဲဒါ ဘတ်ဂျက်မဟုတ်တော့ဘူး။ အဲဒါ Expense ဖြစ်သွားလိမ့်မယ်။

ဦးဝင်းဌေး (ဥက္ကဋ္ဌ၊ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း)

ဘတ်ဂျက်နှစ် အပြောင်းအလဲက ဆောက်လုပ်ရေးလုပ်ငန်းတွေကို အဓိက ရည်ရွယ်တာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအပေါ်မှာ စဉ်းစားပြီး ပြောင်းတယ်ထင်ပါတယ်။ ဒါက အလေ့အကျင့်မရှိသေးတော့ ပထမပိုင်း တော့ အခက်အခဲဖြစ်နိုင်တာပေါ့။ နောက်ပိုင်းကျ အဆင်ပြေသွားမှာ ဖြစ်တဲ့အတွက် ကောင်းတယ်လို့ မြင်မိပါတယ်။ ဘတ်ဂျက်နှစ် သတ်မှတ် တဲ့ဟာက နှစ်ချုပ်ကို ဘယ်အချိန်ချုပ်ရမယ်ဆိုပြီးတော့ပဲ အပြောင်းအလဲ ဖြစ်တာဆိုတော့ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် အဆင်ပြေသွားမှာပါ။ ပထမဆုံးနှစ်မှာတော့ အနည်းငယ် အခက်အခဲရှိပါတယ်။ နောက် ပြောင်းမယ့် ဘတ်ဂျက်ပုံစံက ပိုပြီးတော့ အဆင်ပြေသွားနိုင်ပါတယ်။ တစ်နှစ် တစ်နှစ် လုပ်ငန်းလုပ်တဲ့အချိန်တွေ ဘတ်ဂျက်ချပေးတဲ့ဟာတွေလည်း အခုဆိုရင် ပိုက်ဆံရချိန်နဲ့ အလုပ် လုပ်ချိန် မကိုက်သွားတာတွေရှိတယ်။ ဒါကတော့ ကိုက်သွားမှာပေါ့။ မိုးတွင်းကာလဆိုရင် ဘတ်ဂျက်က ကျနေပြီ အခုချိန်ဆို ပိုက်ဆံရှိနေပြီဆိုရင် တည်ဆောက်ရေးလုပ်ငန်းတွေ အများကြီးလုပ်လို့ရတယ်လေ။ ဘတ်ဂျက်ရရှိမှုနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ အချိန်ကိုက်သွားနိုင်တာပေါ့။

ဦးကျော်ဝင်း (အငြိမ်းစား ဝန်ထမ်း)

ဘဏ္ဍာရေးနှစ်ကို အခုပြောင်းလိုက်မယ်ဆိုရင် အရင်ထက် ပို ကောင်းမယ်လို့ ယူဆပါတယ်။ အရင်ဘတ်ဂျက်က ဧပြီမှာ စသုံးရတဲ့ အခါကျတော့ မိုးက ကျနေပြီ။ အဲဒီအခါကျတော့ အပြည့်အဝ မသုံးနိုင် ဘူး။ အခုပြောင်းမယ့် ဘတ်ဂျက်ကျတော့ မိုးတွင်းမှာ ပျက်စီးထားတာ တွေကို ပြင်ဆင်ဖို့ အောက်တိုဘာ ပွင့်လင်းရာသီမှာ ပြင်ဖို့ အသင့် လက် ထဲမှာ ပိုက်ဆံရှိတဲ့အခါကျတော့ သတ်မှတ်ကာလအလိုက် အချိန်မီ ဆောင်ရွက်သွားနိုင်တာပေါ့။ ဘတ်ဂျက်ငွေရဲ့သဘောက ၁၂ လသုံးရ တာ။ အရင်ဘတ်ဂျက်နှစ်အရဆိုရင် ပထမလေးလက မသုံးနိုင်ဘူးဖြစ်နေတယ်။ ဘာကြောင့်လဲဆို ပွင့်လင်း ရာသီမဟုတ်လို့။ အဲဒီလို အနေအထားအရ အခုလို ပြောင်းလိုက်တာသင့်တော်တယ်။ သို့သော် တချို့ ရေးနေတာတွေ တွေ့တယ်။ အစိုးရအပြောင်းအလဲဖြစ်ခဲ့ရင် အစိုးရသစ်က အရင်ဘတ်ဂျက်ကို ပြန်သုံး နေရမယ့်သဘော။ ဒီဟာကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ပြဿနာမရှိပါဘူး။ အစိုးရတစ်ရပ် အုပ်ချုပ်တဲ့အခါ သူ့လုပ် ထုံးလုပ်နည်းက သူ့ဟာသူ သွားမှာလေ။ မူဝါဒပဲ နိုင်ငံတော်အကြီးအကဲ က ပြောင်းတာ။ ဒါပေမဲ့ မူတွေ ဘယ်လောက်ကောင်းကောင်း လုပ်တဲ့လူတွေ ကောင်းဖို့လိုတယ်။ လုပ်နေတဲ့လူတွေက တကယ်လုပ် တာနည်းနည်း၊ စာရင်းဇယားအရ အသုံးပြပြီး အပြင်မှာ လျှောက်သုံးတာမျိုးတွေ မဖြစ်ဖို့လိုတယ်။ နောက်ပြီး တော့ ဖွင့်ပွဲတွေလုပ်တာ၊ နိုင်ငံတော်အဆင့်ကလွဲလို့ ကျန်တာတွေက သာမန်လောက်ပဲ လုပ်သင့်တယ်။ နေရာ တကာ ဘယ်နားဖွင့်ဖွင့် အခမ်းအနားကြီးတွေနဲ့ ကော်ဇောကြီးတွေခင်း၊ လူတွေအများကြီးခေါ်ပြီး လုပ်မယ့်အစား သာမန်လောက်ပဲ လုပ်သင့်တယ်။ လူတွေအများကြီးခေါ်ရင် သွားလာစရိတ်တွေ၊ ကျွေးမွေး စရိတ်တွေ၊ ဧည့်ခံစရိတ်တွေ အများကြီးကုန်တယ်။ ကိုယ်သက်ဆိုင်တဲ့လူတွေ လောက်ပဲ လုပ်လိုက်ရင်လည်း ရတာပဲ။ ချမ်းသာတဲ့နိုင်ငံတွေမှာလည်း နေရာတကာ မလုပ်ဘူး။

ဒေါက်တာနန္ဒာလှမြင့် (ပြောရေးဆိုခွင့်ရှိသူ၊ ပြည်ခိုင်ဖြိုးပါတီ)

နိုင်ငံရေး၊ စီးပွားရေးအရ အကျိုးသက်ရောက်မှုရှိ၊ မရှိဆိုတာ အ ချိန်တစ်ခုတော့ စောင့်ကြည့်ရမှာပေါ့။ ဒီနေ့ ဒီအချိန်က အဓိကကဘဏ္ဍာ ရေးနှစ်ပြောင်းခြင်း၊ မပြောင်းခြင်းထက် တိုင်းပြည်ရဲ့ကျဆင်းနေတဲ့စီး ပွားရေးကို ကောင်းမွန်အောင်တည်ငြိမ်တိုးတက်အောင်အရင်လုပ်ဖို့လို တယ်လို့မြင်တာပေါ့။ မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် ဆန်စပါးတွေ ရိတ်သိမ်းပြီးတော့ အမတော်ကြေးတွေ ပြန်ဆပ်တဲ့အချိန် မှာ အဆင်ပြေအောင်ဆိုပြီး ဒီဘတ်ဂျက်နှစ်ကို ဧပြီကနေစခဲ့တာ။ ဆိုတဲ့ အခါ ဒီလိုဟာကလည်း ကမ္ဘာပေါ်မှာ ၃၆ နိုင်ငံရှိတယ်။ အဓိကကတော့ စိုက်ပျိုးရေးနိုင်ငံတွေက သုံးကြတာ ပေါ့။ အခုပြောင်းလိုက်တဲ့ဘတ်ဂျက်နှစ်က ကျင့်သုံးတဲ့နိုင်ငံကမ္ဘာပေါ်မှာ ၁၂ နိုင်ငံရှိတယ်။ ဒီဘတ်ဂျက်ကို အကြောင်းပြတာက ဆောက်လုပ်ရေးလုပ်ငန်းတွေအခက်အခဲဖြစ်တယ်လို့တော့ ပြောတာပေါ့လေ။ သို့သော် လည်းပဲ အခုနေပြည်တော်ကြီးတွေ၊ အမြန်လမ်းကြီးတွေနဲ့ ကြီးကြီးမားမားဆောက်လုပ်ရေးလုပ်ငန်းတွေ လည်း ဒီဘတ်ဂျက်နှစ်တွေနဲ့ပဲ လုပ်ငန်းပြီးစီးအောင်နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီးပြီလေ။ ဒီနေ့အားလုံးဟာ စီးပွားရေးကျပ်တည်းလာတဲ့ အပေါ်မှာ၊ အလုပ်အကိုင်တွေမကောင်းလာတဲ့အပေါ်မှာ စီးပွားရေးတိုးတက်မှုကို အားလုံးက လိုအပ်နေတာပေါ့။

ဒေါက်တာအောင်ထွန်းသက် (စီးပွားရေး ပညာရှင်)

ဘဏ္ဍာရေးနှစ်ကတော့ အစိုးရက ပြောင်းပြီးပြီ။ ဒါကို ဘယ်လိုပါ ဝင်ပြီး ဘယ်လိုပြောင်းလဲ လုပ်ကိုင်မယ်ဆိုတာကို အကောင်းဆုံးစဉ်းစား ဖို့လိုတယ်။ အစိုးရဌာနတွေရော၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေရော ဘယ် လိုပါဝင် လုပ်သင့်တယ်ဆိုတာကို အကောင်းဆုံးစဉ်းစားဖို့လိုတယ်။ ဘဏ္ဍာနှစ်ပြောင်းလဲတဲ့အချိန်မှာ စာရင်းကိုင်တွေ စာရင်းစစ်တွေကို အဓိကအားပေးဖို့လိုတယ်။ အစိုးရဌာနတွေ ကုမ္ပဏီကြီးတွေမှာက စာရင်းကိုင်တွေရှိတော့ မသိသာပေမယ့် ကုမ္ပဏီအသေးလေးတွေမှာ ဘဏ္ဍာရေးနှစ် ပြောင်းလဲမှုကို ကြိုတင်ပြီး ပြင်ဆင်ထားဖို့လိုတယ်။ စီးပွားရေးအရဆိုင်ရင် သီးနှံရိတ်သိမ်းချိန်ကို ပြောင်းတာဖြစ်တော့ ကောင်းပါတယ်။ ဒါပေမဲ့ စနစ်တစ်ခုကို ပြောင်းလဲမှာဆိုတော့ ကောင်းကျိုးတွေရှိနေ သလို ဆိုးကျိုးတွေလည်း ရှိနိုင်တယ်။ ဆိုးကျိုးတွေ အနည်းဆုံးဖြစ်အောင်တော့ အကောင်းဆုံးပြင်ဆင်ထားဖို့ လိုပါတယ်။

No.1618 Monday, November 6, 2017
http://www.7daydaily.com

Your rating: None Average: 5 (1 vote)