Photo

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်း မီဒီယာများ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ တွေ့ဆုံ အမေရိကန် သမ္မတနှင့် တွေ့ဆုံစဉ် တောင်းဆိုချက် နှစ်ခု ပြောကြားခဲ့သည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

By Yatanarpon 21 November, 2012 - 18:05

နိုဝင်ဘာလ ၂၁ ရက် ။ ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့  တက်ရောက် သတင်းရယူခဲ့သည့် ပြည်တွင်းမီဒီယာများ တွေ့ဆုံခြင်းကို  နိုဝင်ဘာလ ၂၁ ရက်နေ့  နံနက် ၇ နာရီ မိနစ် ၃၀ အချိန်ခန့်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ Cambodiana ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲ၌ နိုင်ငံတော် သမ္မတက (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများနှင့် စပ်လျဉ်းသော ကိစ္စ၊ အမေရိကန် သမ္မတ၏ ခရီးစဉ်၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အစရှိသည်တို့ အပါအဝင် အမေရိကန် သမ္မတနှင့် တွေ့ဆုံစဉ် တောင်းဆိုချက်နှစ်ခု တောင်းဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။ တွေ့ဆုံပွဲ၌ အချိန် အခက်အခဲကြောင့် သတင်းထောက်များအား မေးခွန်းမေးမြန်းခွင့် မပေးခဲ့ပေ။

အမေရိကန် သမ္မတ၏ ခရီးစဉ်မှာ သမိုင်းဝင် ခရီးစဉ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဘာကြောင့် သွားရောက်ရသနည်း ဆိုသည်ကို အမေရိကန် လွှတ်တော် အမတ်များမှာ ဖိအားပေးနေချိန်တွင် သမ္မတ အိုဘားမားအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။

“အိုဘားမားနဲ့ တွေ့ဆုံချိန်မှာ ကိုယ့်နိုင်ငံအတွက် အမြတ်ထွက်အောင် နှစ်ခု တောင်းဆိုခဲ့ပါတယ်။ တစ်ခုက ခင်ဗျား တွေ့တယ် မဟုတ်လား။ လေဆိပ်က ရန်ကုန်မြို့ကြီးကို ဖြတ်ပြီးတော့ လာတဲ့အခါမှာ ဘေးဘယ်ညာမှာ လူတွေက အကုန်လုံး ခင်ဗျားကို ဝမ်းသာအားရနဲ့ ကြိုဆိုတဲ့ မြင်ကွင်းကို ခင်ဗျား တွေ့တယ် မလား။ ခင်ဗျား အဲဒီလူတွေရဲ့ မျက်နှာကို သတိမထားမိလို့ ဖြစ်ချင်လဲ ဖြစ်မယ်။ ဒီပြုံးပျော်နေတဲ့ မျက်နှာတွေ အိုဘားမား မြန်မာနိုင်ငံကို မလာစဖူး ကြုံတောင့်ကြုံခဲ လာခဲ့တယ်။ တို့ရန်ကုန်မှာ နေထိုင်ကြတဲ့ ပြည်သူ လူထုတွေအတွက် အိုဘားမား ဘာများ လုပ်ပေးမလဲဆိုတဲ့ ဒီမျှော်လင့်ချက်တွေကို ခင်ဗျား မမြင်လိုက်ဘူး ထင်တယ်လို့။ ဒါကို ခင်ဗျားကို ပြောပြချင်တယ်လို့။ ကျွန်တော်တို့ ရန်ကုန် မြို့ကြီးဟာ ကိုလိုနီ လက်ထက်ကတည်းက မြို့ဟောင်းကြီး ဖြစ်တယ်။ မြို့ဟောင်းဖြစ်တဲ့ အတွက် လျှပ်စစ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဆင်မပြေမှုတွေ အများကြီးရှိတယ်။ နောက်တစ်ခါ လူဦးရေကလည်း ခြောက်သန်းကျော် ရှိတယ်။ ခြောက်သန်းကျော်ရှိတော့ ဒီမြို့မှာ သွားရေးလာရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အခက်အခဲတွေ ရှိနေတယ်။  နောက်တစ်ခါ ရေကောင်းရေသန့် ရရှိရေး၊ ရေဆိုးတွေ သန့်စင်ရေး၊ ဒီအပိုင်းတွေကလည်း ကျွန်တော်တို့မှာ အခက်အခဲတွေ ရှိနေတယ်။ ခင်ဗျား ရန်ကုန်ကိုရောက်တဲ့ အထိမ်းအမှတ် အနေနဲ့ ရန်ကုန်မြို့ လူထုကို ဒီကိစ္စတွေမှာ ပြေလည်အောင် လုပ်ပေးနိုင်မယ် ဆိုလို့ရှိရင် ရန်ကုန်မြို့လူထုက ခင်ဗျားကို ပိုပြီးတော့ ချစ်မှာပါဆိုပြီး ပြောလိုက်တာ သူတော်တော်လေး သဘောတွေ့သွားပုံ ရပါတယ်။ ကျွန်တော် ထင်ပါတယ်။ ခေါင်းတော့ မငြိမ့်ပေမယ့်လည်း အောက်က လူတွေက အကုန်မှတ်တော့ မှတ်တမ်းတော့ ဝင်သွားမယ်လို့ ထင်ပါတယ်” ဟု နိုင်ငံတော် သမ္မတက ပြောပြသည်။

အမေရိကန် သမ္မတသို့ တောင်းဆိုခဲ့သော ဒုတိယ အချက်မှာ ရန်ကုန်-မန္တလေး အဝေးပြေးလမ်း အဆင့်မြှင့်တင်ရေးအတွက် ဖြစ်ကြောင်း သိရသည်။

“နောက် တစ်ခုကတော့ ကျွန်တော်တို့ လူငယ်ပိုင်းလောက်ပဲ ရှိပါမယ်။ သမ္မတကြီး Eisenhower လက်ထက်မှာ မြန်မာနိုင်ငံ ရန်ကုန်နဲ့ မန္တလေးကို အဝေးပြေး လမ်းဖောက်ပေးဖို့ အစီအစဉ်လေးတွေ ရှိခဲ့ဖူးပါတယ်။ သို့သော်လည်း အကြောင်းကြောင်းကြောင့် ဒီအဝေးပြေးလမ်းမကြီးက ဖောက်မပေးဖြစ်ခဲ့ဘူး။ ဟိုတုန်းက ခင်ဗျားတို့ သမ္မတကြီး ဒီလိုပဲ အစီအစဉ် ရှိခဲ့တယ်။ သို့သော်လည်း အကြောင်းကြောင်းတွေကြောင့် ပျက်ခဲ့တယ်။ အဲဒီတော့ အကြောင်းကြောင်းတွေကြောင့် ပျက်သွားတဲ့ အဝေးပြေး လမ်းကြီးကို ကျွန်တော်တို့ ဖောက်ထားပြီ။ သို့သော်လည်း လမ်းကတော့ လမ်းကြမ်း အဆင့်ပဲ ရှိသေးတယ်။ ဒီမှာလည်း နည်းပညာပိုင်းက ခင်ဗျားတို့လောက် ခေတ်မမီဘူး။ ခေတ်မမီတော့ အက်ဆီးဒင့်တွေက ခဏခဏ ဖြစ်တယ်။ ယာဉ်တွေ ခဏခဏ တိမ်းမှောက်တယ်။ လူတွေရဲ့ အသက်တွေကလည်း ဆုံးရှုံးကြ။ ဒီလမ်းကြီးကို ခင်ဗျားတို့များ ပြုပြင်ပေးရင် သိပ်ကောင်းမှာပဲ။ အဆင့်မြှင့်ပေးဖို့ ဒါလေးတွေ ကျွန်တော်တို့ တောင်းလိုက်ပါတယ်” နိုင်ငံတော် သမ္မတက ပြောခဲ့ပါသည်။

“ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေက သူတို့လို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံအတွက် ဘာမှ ပြောပလောက်မှာ မဟုတ်ပါဘူး။ သို့သော်လည်း ကိုယ့်နိုင်ငံအတွက် ပြောခဲ့ပြုခဲ့ တောင်းခဲ့တာတွေ ရှိပါတယ်” ဟု နိုင်ငံတော် သမ္မတက ဆက်လက် ပြောကြားသည်။

အမေရိကန်နှင့် ဆက်ဆံရေးကြောင့် တရုတ်၊ အိန္ဒိယတို့နှင့် ဆက်ဆံရေး ပျက်ယွင်းမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတက ပြောပါသည်။

“အမေရိကန်နဲ့ ဆက်ဆံရေးကြောင့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ ဘယ်လို ဖြစ်သွားမလဲဆိုတာ တစ်ချို့လည်း စိုးရိမ်တာတွေ ရှိပါတယ်။ တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံ ဖြစ်ပါတယ်။ နယ်နိမိတ်ချင်းကလည်း ကီလိုမီတာ ၂၀၀၀ လောက် ကျွန်တော်တို့ ဆက်စပ် နေပါတယ်။ အစိုးချင်းသာ မကပါဘူး။ နိစ္စဓူဝ နယ်စပ် တစ်လျှောက်မှာလည်း ပြည်သူ အချင်းချင်းက ကူးလူး ဆက်ဆံမှု အမြဲတမ်း ရှိနေပါတယ်။ ကျွန်တော်တို့အတွက် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ဆိုတာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ ဒီနိုင်ငံတွေက ကြွယ်ဝ ချမ်းသာတာနဲ့အမျှ သူတို့ရဲ့ ပိုလျှံမှုတွေက ကျွန်တော်တို့ နိုင်ငံကို အကျိုး သက်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး၊ နောက်ပြီးတော့ အိန္ဒိယ နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ဘာမှ ပြောင်းလဲတာမျိုးရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မူဝါဒတွေ အရလည်း ဒီအစိုးရသစ် တက်လာတဲ့အခါ ဒီအရှေ့နိုင်ငံရယ်၊ အနောက်နိုင်ငံရယ် မခွဲခြားဘဲ အားလုံးနဲ့ သင့်တင့် မျှတအောင်၊ အားလုံးနဲ့ ရင်းနှီး ချစ်ခင်အောင် ဆက်ဆံသွားမယ်။ ဒီလို ဆက်ဆံခြင်းအားဖြင့် ကိုယ့်နိုင်ငံ အတွက် ရသင့် ရထိုက်တဲ့ အကျိုးစီးပွားတွေကို ရအောင်လုပ်မယ်ဆိုတဲ့ ဒီမူဝါဒနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများတွင် ဒေသဆိုင်ရာ ဗိသုကာ အပြောင်းအလဲများ၊ အာဆီယံ၏ စီးပွားရေးအပေါ် အမေရိကန်နိုင်ငံ၏ အနောက်ဘက်မှ အရှေ့ဘက်သို့ ရွေ့လာခြင်းများ၊ တောင်တရုတ် ပင်လယ်အရေးကို ငြိမ်းချမ်းစွာ အဖြေရှာရေးနှင့် ကိုရီးယားကျွန်းဆွယ် တည်ငြိမ် အေးချမ်းရေး၊ အာဆီယံ စီးပွားရေး ရှင်သန် တိုးတက်ရေးနှင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ထို့အပြင် ရခိုင်အရေးသည် လူမျိုးရေးနှင့် ဘာသာရေးကြောင့် ဖြစ်ပေါ်လာရသော ပဋိပက္ခ မဟုတ်ဘဲ အကျည်းတန်သော ရာဇဝတ်မှု တစ်ခုကို အခြေခံပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခ ဖြစ်ကြောင်း၊ ပြည်တွင်းမှ လူမျိုးစွဲ ဘာသာသာစွဲ ရှိသူများ၊ အဆိုးဆုံးအနေဖြင့် ပြည်ပမှ သွေးထိုးမှုများကြောင့် ကြီးမားကျယ်ပြန့်စွာ ဖြစ်ပေါ်လာရသည့် ပဋိပက္ခဖြစ်ကြောင်းကို အာဆီယံ ခေါင်းဆောင်များအား တင်ပြနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက် ပြောပါသည်။

“ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွက် ဘာအကျိုးအမြတ် ရလိုက်သလဲဆိုရင် ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်းသိအောင် ရှင်းပြနိုင်တဲ့ အခွင့်အရေး ရခဲ့တယ်။ နောက်ပြီး မြန်မာနိုင်ငံအပေါ်မှာ ထောက်ခံမှုတွေ အများအပြား ရခဲ့ပါတယ်။ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ အပါအဝင် အမေရိကန် ကိုယ်တိုင်က မြန်မာနိုင်ငံအပေါ် အသိအမှတ်ပြု ထောက်ခံခဲ့ကြပါတယ်” ဟု နိုင်ငံတော် သမ္မတက ပြောခဲ့ပါသည်။

နိုင်ငံတော် သမ္မတနှင့် ပြည်တွင်း မီဒီယာများ၏ တွေ့ဆုံမှုမှာ မိနစ် (၃၀) ခန့် ကြာမြင့်ခဲ့ပြီး နိုင်ငံတော်သမ္မတသည် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့် အချိန်တွင် ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရပါသည်။ (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများကို နိုဝင်ဘာလ (၁၅) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ElevenMediaGroup မှ

Your rating: None Average: 4 (1 vote)