Photo

အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်း ပုဂ္ဂလိကသို့ လွှဲပြောင်းမည်

By 7Day News 26 November, 2012 - 15:54

ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက စာတိုက်ဝန်ဆောင်မှု လုပ်ငန်းအား ဈေးနှုန်းသက်သာစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍  အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်း လုပ်ကိုင်လိုသူ ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များအား စတင် တင်ဒါခေါ်ယူခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။ ယခင် အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းကို အစိုးရကသာ လုပ်ကိုင်ခဲ့သည်။ ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ၁၉၉၅ ခုနှစ်မှ စတင်ကာ အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းတစ်ခုဖြစ်သော EMS (Express Mail Service) ကို တည်ထောင်ခဲ့သည်။ ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းကို ပြည်တွင်း၊ ပြည်ပရှိ ပုဂ္ဂလိက လုပ်ငန်းများအား လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာ စာပို့လုပ်ငန်းမှာ ပုဂ္ဂလိက အခန်းကဏ္ဍအနေဖြင့် အပြိုင်အဆိုင် ဖြစ်လာတော့မည်ဟု စီးပွားရေး လုပ်ငန်းရှင် အချို့က သုံးသပ်သည်။

အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်း တင်ဒါစနစ်သည် မှတ်ပုံတင်စနစ်ဖြင့် (Registered Sevrice Provider) လုပ်ကိုင်လိုသည့် ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ငန်းရှင်များအတွက် ခေါ်ယူခြင်းဖြစ်ပြီး အဓိကအားဖြင့် အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းကို နိုင်ငံတကာ ဈေးနှုန်းများအတိုင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းရှင်များ ဖြစ်ရမည်ဟု နေပြည်တော်ရှိ ယင်းလုပ်ငန်း၏ စီမံကိန်းနှင့် စာရင်းအင်းဌာနမှ သိရသည်။ ထိုလုပ်ငန်းကို လုပ်ကိုင်ရန် လုပ်ကိုင်ခွင့် လျှောက်ထားရာတွင် နိုင်ငံတကာ စာပို့လုပ်ငန်းကို အတွေ့အကြုံရှိသည့် လုပ်ငန်းများနှင့် အဖွဲ့အစည်းများကို ဦးစားပေး စဉ်းစားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာ၌ ဖော်ပြထားသည်။ ဆက်သွယ်ရေး ဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာ စာပို့လုပ်ငန်းအတွက် ပြည်တွင်း၊ ပြည်ပမှ လုပ်ကိုင်လိုသူများအား ပထမဆုံးအကြိမ် ခေါ်ယူသော တင်ဒါကို နိုဝင်ဘာလကုန် နောက်ဆုံး လျှောက်ထားနိုင်ပြီ ဖြစ်သည်။

ယုဇနကိုကို

No votes yet