Photo

တရုတ်သံအမတ်ကြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သတင်းမီဒီယာများကို ရှင်းလင်း

By Yatanarpon 7 December, 2012 - 18:43

ဒီဇင်ဘာလ ၇ ရက်။    ။ ဒီကနေ့ မနက် ၉ နာရီခွဲက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးရှိ သံအမတ်ကြီးက ပြည်တွင်းပြည်ပမှ မီဒီယာများကို ဖိတ်ကြားပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နိုင်ငံရှိ ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ စီမံကိန်း အကောင်အထည်ဖေါ် လုပ်ဆောင်မှု မတိုင်ခင်မှာ ယူဂိုစလားဗီးယားနိုင်ငံနဲ့ ကနေဒါနိုင်ငံတို့မှ အဆိုပါ ကြေးနီတူးဖေါ်မှု လုပ်ငန်းများကို ဦးစွာ လုပ်ကိုင်ခဲ့ကြကြောင်း၊ မိမိတို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်တို့ အကျိုးတူ လုပ်ဆောင်ရာမှာ အဲဒီဒေသမှာရှိတဲ့ စီမံကိန်းမြေများအဖြစ် ရယူထားတဲ့ မြေဧကပေါင်း ၆၀၀၀ အတွက် ဝမ်ပေါင်ကုမ္ပဏီက တစ်ဧကကို မြန်မာကျပ်ငွေ ၅ သိန်းခွဲနဲ့ အမေရိကန်ဒေါ်လာ ၅ သန်းအထိ ပေးလျော်ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E Mr. Li Junhua က ပြောကြားခဲ့ပြီး၊ ယခုကဲ့သို့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အဆိုပါဒေသရှိ ဒေသခံပြည်သူများက ယခုလို ပြေလည်မှု မရှိကြောင်းတွေကို တွေ့မြင်ရတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်မိကြောင်း၊ မိမိတို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသလို ဟိုးအရင် နှစ်ပေါင်းရာချီပြီး ချစ်ကြည်ရင်းနှီးစွာနဲ့ နေထိုင်လာခဲ့ကြပြီး၊ ယနေ့အထိ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများ ပိုမို ခိုင်မြဲလာနေကြောင်း၊ လက်ရှိ မြန်မာနိုင်ငံက နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရ အဖွဲ့ဝင်များဟာလည်း မိမိတို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်နဲ့ အပြန်အလှန် ရင်းနှီးနေကြကြောင်း၊ မြန်မာနိုင်ငံက ပြည်သူအများကို မိမိတို့ တရုတ်နိုင်ငံက ပြည်သူများကလည်း ဆွေမျိုးရင်းခြာသဘောသာ ရှိကြောင်း၊ မိမိတို့အနေနဲ့ မြန်မာနိုင်ငံက သယံဇာတများကို မတရား သိမ်းယူနေတယ်ဆိုတဲ့ မြန်မာပြည်သူအချို့ရဲ့ ပြောစကားများကို ကြားသိနေရတဲ့အတွက်ကိုလည်း များစွာမှ စိတ်မကောင်း ဖြစ်မိကြောင်း၊ မိမိတို့ ဒီစီမံကိန်းကို လုပ်ဆောင်နေခြင်းဟာ စီမံကိန်းကို အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၃၀ ကျော် ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါကြောင်း၊ အကျိုးအမြတ် ခွဲဝေမှုမှာလည်း မတည်ရင်းနှီးငွေကို ဖယ်ပြီး ကျန်တဲ့ ဒီစီမံကိန်းမှ ရရှိလာတဲ့ အကျိုးအမြတ်များကို မြန်မာနိုင်ငံအတွက် ၁၆ ဒဿမ ၈ ရာခိုင်နှုန်း မြန်မာစီးပွားရေး ဦးပိုင်လီမိတက်အတွက် ၁၃ ဒဿမ ၈ ရာခိုင်နှုန်း ဝမ်ပေါင်ကုမ္ပဏီအတွက် ၁၃ ဒဿမ ၃ ရာခိုင်နှုန်းဖြင့်သာ ခွဲဝေထားကြောင်း၊ ဒေသခံပြည်သူတို့ ပြောနေသလို မဟုတ်ပါကြောင်း၊ အဆိုပါ စီမံကိန်း ဒေသအတွက်ကိုလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဖြစ် လက်ရှိအချိန်ထိ ရွာသူရွာသားတွေနေဖို့ အိမ်ခြေ ၂၀၀၊ မူလတန်းကျောင်း တစ်ကျောင်း၊ ဆေးရုံတစ်ရုံ၊ ဘုန်းကြီးကျောင်း တစ်ကျောင်း တည်ဆောက်ပေးပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြီးလည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ပေးသွားဦးမှာ ဖြစ်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကိုတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သဘောကိုပြောရလျင် အဆိုပါဒေသရှိ ဒေသခံများကို နောက်ထပ် တစ်ဧကကို မြန်မာငွေကျပ်ငါးသိန်း ထပ်မံပေးမှာ ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာများကို လွန်ခဲ့တဲ့ နှစ်ထဲက အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေမှုများကို မိမိအနေနဲ့ မည်သို့မျှ နားမလည်နိုင်ပါကြောင်း၊ ယခု တက်ရောက်လာကြတဲ့ ပြည်တွင်းပြည်ပက သတင်းမီဒီယာများ အနေနဲ့ သိရှိပါက မိမိအား ပညာပေး ပြောကြားပေးကြရန် မိမိအနေနဲ့ တောင်းဆိုချင်ပါကြောင်း၊ ဘယ်လိုပင်ဆိုစေ မိမိတို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ရှိရင်းစွဲ ချစ်ကြည်မှုတွေကို မိမိအနေနဲ့ ဘယ်လိုမှ အပျက်မခံနိုင်ပါကြောင်း၊ ယခုကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေးထားရာမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တာကြောင့် များစွာ ဝမ်းသာမိကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှန်ကန်တဲ့ လေ့လာ သုံးသပ်ချက်များကို မိမိတို့အနေနဲ့ အများကြီး မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တက်ရောက်လာကြတဲ့ ပြည်တွင်းပြည်ပ မီဒီယာများရဲ့ သိလိုတဲ့ အချက်များကို မေးမြန်းကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ပြန်လည် ရှင်းလင်းဖြေကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။

ရတနာပုံသတင်း

Your rating: None Average: 5 (2 votes)