Photo

၇ နှစ်ဆက်တိုက် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး မော်ဒယ်လ် ဂီဆီလီဘန်ချန်

By Planet 28 August, 2013 - 15:46

ကမ္ဘာသိ နာမည်ကျော် မော်ဒယ်လ် အများအပြား ရှိနေသည့်တိုင် ဘရာဇီးလ်သူ ဂီဆီလီ ဘန်ချန်၏ ဝင်ငွေကို ယှဉ်နိုင်သူ တစ်ဦးမျှ မရှိကြောင်း Forbes ၏ စာရင်းအရ ဖော်ထုတ် တွေ့ရှိနိုင်ခဲ့သည်။ ကမ္ဘာပေါ်တွင် အလှဆုံး စာရင်းဝင် အမျိုးသမီးများ၊ ဝင်ငွေ အကောင်းဆုံး မော်ဒယ်လ်များ အနေဖြင့် နာမည်ကြီးခဲ့သည့်တိုင် ပြီးခဲ့သည့် တစ်နှစ်အတွင်း မီရန်ဒါကားရ်၊ အေဒရီယန်လီမာ၊ ကိတ်မော့စ်တို့၏ (၃)ဦးပေါင်း ဝင်ငွေသည် ဂီဆီလီ တစ်ဦးတည်း ဝင်ငွေ၏ ထက်ဝက်စာမျှပင် ရှိမနေသည်ကို တွေ့ရှိရသည်။ Victoria's Secret ၏ လက်စွဲတော် အလှမယ်ဖြစ်သည့် ဂီဆီလီသည် တစ်နှစ်တာ ဝင်ငွေစာရင်းအရ ဒေါ်လာ (၄၂) သန်း ပိုင်ဆိုင်ထားခဲ့ကြောင်း Forbes က ဖော်ပြခဲ့သည်။ သူမကို အနီးကပ်ဆုံး ဖိအားပေးနိုင်သည့် ဒုတိယ နေရာမှ ဩစတြေးလျသူ မီရန်ဒါသည် တစ်နှစ်အတွင်း ဒေါ်လာ (၇) သန်းကျော်သာ ရရှိခဲ့သည်။

ကျော့ရှင်းသော ခန္ဓာကိုယ် အလှအပကြောင့် မြင်သူတကာ အသက်ရှူ ငေးလောက်သူအဖြစ် ဂီဆီလီသည် ဝင်ငွေအကောင်းဆုံး မော်ဒယ်လ်များ စာရင်းတွင် (၇) နှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်သူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သေးသည်။ သူမ၏ ခင်ပွန်းသည် အမေရိကန် ဘောလုံးအားကစား ကြယ်ပွင့် တွမ်ဘရာဒီကလည်း တစ်နှစ်အတွင်း ဒေါ်လာ (၃၈.၃) သန်း ရရှိထားကြောင်း သိရသည်။ ကလေး (၂) ဦး မွေးဖွားထားပြီး ဖြစ်သည့် အသက် (၃၃) နှစ်အရွယ် ဂီဆီလီသည် ကြော်ငြာကဏ္ဍ၊ မော်ဒယ်လ် စာချုပ်များအပြင် သူမပိုင် ဘရာဇီးလ် ဖိနပ်ကုမ္ပဏီ Grendane မှ ဝင်ငွေများကိုပါ ရရှိခဲ့သည်။

ထို့အပြင် သူမ၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်မှန်းချက်များနှင့် လျော်ညီအောင် ဖန်တီးထားသည့် အလှကုန်လုပ်ငန်း Sejaa ကလည်း ဈေးကွက်ထဲတွင် ကြီးကြီးမားမား အောင်မြင်မှုများ ရရှိခဲ့သည်။ သူမနှင့် ကြော်ငြာစာချုပ် ချုပ်ဆိုထားသော Pantene၊ Oral-B၊ Sky HDTV တို့ကလည်း ဂီဆီလီကို ငွေကြေး နင့်နေအောင် ပေးချေခဲ့ရသည်။ ဂီဆီလီနောက် ဒုတိယချိတ်သည့် မီရန်ဒါမှာမူ ဩစတြေးလျ၏ Qantas လေကြောင်းလိုင်း၊ ဖက်ရှင် အမှတ်တံဆိပ် Mango၊ Lipton Tea အစရှိသည့် လုပ်ငန်းများအတွက် ကြော်ငြာပေးပြီး သူမကိုယ်ပိုင် Skincare အမှတ်တံဆိပ် Kora မှလည်း ဝင်ငွေများ ရရှိခဲ့ရာ တစ်နှစ်အတွင်း ဒေါ်လာ (၇.၂) သန်း ပိုင်ဆိုင်နိုင်ခဲ့သည်။



Forbes က ဖော်ပြသည့် တစ်နှစ်တာအတွင်း ဝင်ငွေ အကောင်းဆုံး မော်ဒယ်လ် (၁၀) ဦး စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပြီး ထိပ်ဆုံး (၅)ဦးတွင် ဘရာဇီးလ်မှ (၂) ဦး ပါဝင်လာခဲ့သည်။

၁။ ဂီဆီလီဘန်ချန် (ဒေါ်လာ ၄၂ သန်း)

၂။ မီရန်ဒါကားရ် (ဒေါ်လာ ၇.၂ သန်း)

၃။ အေဒရီယန်လီမာ (ဒေါ်လာ ၆ သန်း)

၎။ ကိတ်မော့စ် (ဒေါ်လာ ၅.၇ သန်း)

၅။ လျူဝမ် (ဒေါ်လာ ၄.၃ သန်း)

၆။ ဟီလာရီရိုဒါ (ဒေါ်လာ ၄ သန်း)

၇။ ကာရိုလင်းမာဖီ (ဒေါ်လာ ၃.၆ သန်း)

၈။ ဂျိုအန်စမောလ်စ် (ဒေါ်လာ ၃.၅ သန်း)

၉။ ကန်ဒါစီဆွမ်နီပိုလ် (ဒေါ်လာ ၃.၃ သန်း)

၁၀။ လာရာစတုန်း (ဒေါ်လာ ၃.၂ သန်း)

No votes yet