Photo

အိမ်သုံးမီတာဖြင့် စီးပွားရေး လုပ်ကိုင်သူများကို ပါဝါမီတာ နှုန်းထား ကောက်ခံရန် စစ်ဆေး

By Yatanarpon 30 August, 2013 - 09:19

သြဂုတ်လ၂၉ရက် ။   ။ ဌာနဝင်ငွေ တိုးမြှင့်ရေး စီမံချက်အဖြစ် အိမ်သုံးမီတာများနှင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေသူများကို ပါဝါမီတာ ဈေးနှုန်းဖြင့် ကောက်ခံရန် လိုက်လံစစ်ဆေးလျက် ရှိကြောင်း  မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း စီမံဌာန တာဝန်ရှိသူထံမှ သိရသည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် ပုဂ္ဂလိက ကုမ္ပဏီများကို လွှဲအပ်ထားသည့် မြို့နယ်များတွင် အိမ်သုံးမီတာဖြင့် လုပ်ငန်းလုပ်ကိုင်ကာ သုံးစွဲနေသူများကို ကွင်းဆင်း စစ်ဆေးနေပြီး ပါဝါမီတာနှုန်းထား ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်ကြောင်း အဆို ပါဌာနထံမှ ထပ်မံ သိရသည်။ အိမ်သုံးမီတာဖြင့် စီးပွားရေး လုပ်ငန်းအတွက် သုံးစွဲနေသည့် မည်သူမဆို ယူနစ်များ အားလုံးကို ပါဝါမီတာ နှုန်းထားဖြင့်သာ ကောက်ခံမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းအတွက် သီးခြား ပါဝါမီတာ တစ်လုံး တပ်ဆင်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

နေအိမ်ခြံအတွင်း ဖွင့်လှစ်ထားသော ဆိုင်ခန်းများတွင် လေးပေ မီးချောင်း နှစ်ချောင်းထက် ပိုမိုသုံးစွဲသော ဆိုင်ခန်းများအပြင် စီးပွားရေး လုပ်ငန်းများ ဖြစ်သော မိတ္တူကူးစက်၊ ကွန်ပျုတာ စာစီစာရိုက်၊ ကွန်ပျုတာ ဂိမ်းဆိုင်၊ ကျူရှင်၊ တည်းခိုခန်း၊ ဘော်ဒါဆောင်၊ ဘိလိယက်ခုံ၊ အလှပြင်ဆိုင် စသည့် လုပ်ငန်းများ လုပ်ကိုင်သူများအတွက် သီးခြားမီတာ တပ်ဆင်လိုပါက တပ်ဆင်ပေးပြီး၊ သီးခြား တပ်ဆင်ထားခြင်း မရှိဘဲ အိမ်သုံးမီတာဖြင့် တွဲဖက် အသုံးပြုပါကလည်း စီးပွားရေး လုပ်ငန်းသုံး ပါဝါမီတာ နှုန်းထား တစ်ယူနစ် ၇၅ ကျပ်နှုန်းဖြင့်သာ ကောက်ခံမည် ဖြစ်ကြောင်း၊ နေအိမ်နှင့် တွဲလျက်သုံး ဆိုင်ခန်းဖွင့်လှစ်ထားခြင်း မဟုတ်ဘဲ စီးပွားရေးလုပ်ငန်း လုပ်ရန် သီးခြား ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများမှ သုံးစွဲသော လျှပ်စစ်ဓာတ်အားခကိုလည်း စီးပွားရေးလုပ်ငန်းသုံး နှုန်းထား တစ်ယူနစ် ၇၅ ကျပ်ပင် ကောက်ခံမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ရှင်းပြသည်။

“ကျွန်တော်တို့က အိမ်ငှားပြီး ကျူရှင်သင်တာ။ မီတာကတော့ အိမ်ငှားမီတာပေါ့လေ၊ အဲဒါ အိမ်သုံးမီတာနဲ့ လုပ်ငန်းသုံးလို့ဆိုပြီး ယူနစ်အားလုံး ပါဝါမီတာနှုန်းနဲ့ ဆောင်ရတော့ အဆင်မပြေဖြစ်တယ်။ ဓာတ်အားကို သတ်သက်ခွဲပြီး ဆောင်လို့ရရင် ပိုကောင်းတယ်။ ကျွန်တော်တို့က အငှားဆိုတော့ ပါဝါမီတာ လျှောက်ဖို့လည်း အဆင်မပြေဘူး” ဟု ချမ်းမြသာစည်မြို့နယ်ရှိ ပြင်ပစာသင်ဆရာ ဦးသက်နိုင်က ဆိုသည်။ ပါဝါမီတာ လျှောက်ထားလိုသူများ အနေဖြင့် ၁၀ ကီလိုဝပ် ပါဝါမီတာ တစ်လုံးလျှင် ရှစ်သိန်းကျပ်၊ ၂၀ ကီလိုဝပ် ပါဝါမီတာ တစ်လုံးလျှင် ၁၀ သိန်းကျပ်၊ ၃၀ ကီလိုဝပ် ပါဝါမီတာ တစ်လုံးလျှင် ၁၂ သိန်းကျပ်ဖြင့် မိမိတို့လုပ်ငန်း လိုအပ်ချက်နှင့်အညီ အိမ်သုံးမီတာ ဖြတ်ပိုင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ကြောင်း အကြောင်းပြချက်နှင့်အတူ ငွေပေးသွင်း လျှောက်ထားနိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ သိရသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်း အိမ်သုံးမီတာ သုံးစွဲသူ လေးသိန်းနီးပါး ရှိပြီး ပါဝါမီတာ သုံးစွဲသူ နှစ်သောင်းနီးပါးခန့် ရှိကြောင်း အဆိုပါဌာနထံမှ ထပ်မံသိရသည်။

The Voice Weekly မှ

No votes yet