Photo

မိုင်းလား-ကျိုင်းတုံ ကားလမ်း ပြန်ကောင်းသွားပြီ

By Yatanarpon 30 August, 2013 - 09:27

သြဂုတ်လ ၂၉ ရက် ။    ။ ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးများ သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်း၊  တောင်တန်းဒေသများတွင် မြေပြိုမှုများ ဖြစ်ပွားမှုကြောင့် လမ်းခရီး သွားလာမှုများ ပိတ်ဆို့ခဲ့မှုများကြောင့် တောင်တန်းဒေသများမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနဲ့ ရင်ခဲ့ရကာ သြဂုတ်လ ၂၇ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား-ကျိုင်းတုံသွား ကားလမ်းပေါ်က ဝမ့်ရှို့ရွာအနီးမှာ မြေပြိုမှုဖြစ်ပွားကာ ကားလမ်းပေါ်ကို မောင်းနှင်လာတဲ့ ကားတစီး လမ်းဘေးကို ကျွံကျသွားခဲ့ပါတယ်။

အဲဒီလို လမ်းများ ပြိုကျပျက်ဆီးခဲ့ရာမှာ အနီးအနားရှိ ချောင်းအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ချောင်းရေများ လျှံပြီး လမ်းမပေါ်ကို ရောက်ရှိခဲ့ရာက အဆိုပါလမ်းဟာ  နှစ်ပိုင်းကျိုးပြတ်ကာ ပျက်စီးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီလို လမ်းပျက်ဆီးမှုကြောင့် ယာဉ်အသွားအလာတွေ ပြတ်တောက်သွားခဲ့ပါတယ်။

အဆိုပါ လမ်းပျက်ဆီးမှုကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူက တခြား မြေလမ်းတခု အမြန် ဆုံးရှင်းလင်းကာ ပြန်ဖွင့်ပေးတဲ့အတွက် သြဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီကျော်လောက်က စပြီး ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း၊ ကျွံကျသွားတဲ့ ယာဉ်ကိုလည်း မနေ့က ဆွဲတင်နိုင်ခဲ့ပြီး ဒဏ်ရာရသူ တစ်ဦးတစ်ယောက်မှ မရှိဘူးလို့ မိုင်းလားဒေသခံက ပြောလို့ သိရပါတယ်။

ရတနာပုံသတင်း

No votes yet