Photo

အိမ်ထောင်တစ်ခု ဖြစ်ဖို့ဆိုတာက ရည်းစားနှစ်ယောက် ဖြစ်ဖို့ထက် အများကြီး ခက်ခဲပါတယ် ဆိုတဲ့ မောစ့်ထိုက်စံ

By 8 Days Journal 30 August, 2013 - 12:51

လူရယ်လို့ ဖြစ်လာရင် အချစ်ဆိုတာကို မခံစားတတ်သူ မရှိသလောက် ရှားမယ် ထင်ပါတယ်။  တချို့ကတော့လည်း ပိုင်ဆိုင်ရမှ အချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ် အနစ်နာခံတာကိုလည်း အချစ်လို့ ဆိုပြန်ပါတယ်။ အချစ်ဒဿန ဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုကြသလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြုခြင်း ကြားမှာ ဘယ်လို ဆက်နွယ်မှုတွေ ရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...

မြင်မြင်ချင်းချစ်တာ ရှားတယ်

မြင်မြင်ချင်းချစ်တယ် ဆိုတဲ့ ခံစားမှုမျိုး ခံစားဖူးပါတယ်။ မြင်မြင်ချင်း ချစ်တာကျတော့ တကယ်တမ်း ပြောရရင် ရှားတယ်။ မြင်မြင်ချင်း ကြိုက်တာ များတယ်။ ချောတဲ့လှတဲ့ ကောင်မလေးတွေ တွေ့ရင် မြင်မြင်ချင်း ကြိုက်သွားတတ်ကြတယ်။ မြင်မြင်ချင်းက အချစ်မဟုတ်ဘူးလို့ ထင်တာပဲ။ ကျွန်တော့်အနေနဲ့ ဆိုရင် မြင်မြင်ချင်း ကြိုက်သွားတယ်လို့ ပိုတွေးဖြစ်ပါတယ်။ ချစ်တယ်ဆိုတာ ကြာတော့မှ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ရှိပြီးတော့ ချစ်သွားတာပါ။

ဆယ်ကျော်သက်တုန်းက အချစ်အကြောင်း

ဆယ်ကျော်သက်က မှတ်မှတ်ရရ ပြောရရင် ပထမဦးဆုံး စကြိုက်မိတဲ့ ကောင်မလေး တစ်ယောက်ပေါ့။ သူ့ကို မကြိုက်ခင်တုန်းက ကျွန်တော်က ကျောင်းမှာ ပုဆိုးကွင်းသိုင်းပြီးတော့ ဆော့နေကျ ကောင်မလေး တစ်ယောက်ကို သူက အရမ်းလှတယ် ဆိုပြီး ကြိုက်သွားတဲ့ အချိန်မှာတော့ လုံးဝ လူပုံစံက ပြောင်းသွားတယ်။ စာတွေလည်း ပိုပြီး လုပ်လာတယ်။ သပ်သပ်ရပ်ရပ်လည်း ဖြစ်လာတယ်။ ဆံပင်လည်း သပ်သပ်ရပ်ရပ် ဖြီးတတ်လာတယ်။ မျက်နှာကိုလည်း သနပ်ခါးတွေ၊ fair and lovely တွေ တစ်ခုခုလိမ်းပြီး ပဲများတတ်လာတယ်လို့ ခံစားမိပါတယ်။ အချစ်ကြောင့် ပြောင်းလဲတတ်လာတာပေါ့။

အချစ်က ခွဲထားတဲ့ ကဏ္ဍပေါ်မှာ မူတည်ပြီးပဲ အရေးကြီးမယ်

အချစ်က လူတစ်ယောက်ကို ဘယ်လောက် ရာခိုင်နှုန်းအထိ ပြောင်းလဲနိုင်လဲဆိုရင် လူပေါ်မှာပဲ မူတည်ပါတယ်။ တချို့တွေလည်း အချစ်ကို အရမ်းကိုးကွယ်တယ်။ အဲဒီလို လူမျိုးတွေအတွက် ၁၀၀ ရာခိုင်နှုန်းမှာ ၉၅ ရာခိုင်နှုန်းလောက် အချစ်က ပြောင်းလဲစေနိုင်တယ်လို့ ယူဆတယ်။ တချို့ကျတော့ အချစ်က သပ်သပ်၊ အလုပ်က သပ်သပ်၊ မိသားစုက သပ်သပ် ခွဲထားနိုင်တဲ့လူတွေ။ အဲဒီလိုလူတွေ အတွက်တော့ ခွဲထားတဲ့ ကဏ္ဍပေါ်မှာ မူတည်ပြီး ရာခိုင်နှုန်း အလိုက်တော့ အရေးပါ အရာရောက်မယ်လို့ ထင်ပါတယ်။

အိမ်ထောင်တစ်ခု တည်မြဲဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် တကယ် သံယောဇဉ်ရှိဖို့ လိုတယ်

အိမ်ထောင်တစ်ခု တည်မြဲဖို့အတွက် လိုအပ်တာတွေက တစ်ယောက်နဲ့တစ်ယောက် တကယ် သံယောဇဉ်ရှိတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် တကယ် အပြန်အလှန် ချစ်တာတွေ၊ တစ်ယောက်ကို တစ်ယောက် နားလည်ပေးတတ်မှုတွေ၊ သိတတ်မှုတွေ အများကြီး လိုအပ်ပါတယ်။

အိမ်ထောင်တစ်ခုဖြစ်ဖို့ ဆိုတာ ရည်းစားနှစ်ယောက် ဖြစ်ဖို့ထက် အများကြီး ခက်ခဲပါတယ်

ကျွန်တော့်အထင် အိမ်ထောင်တစ်ခု ဖြစ်ဖို့ဆိုတာက ရည်းစားနှစ်ယောက် ဖြစ်ဖို့ထက် အများကြီး ခက်ခဲပါတယ်။ အချစ်နဲ့ အိမ်ထောင်ပြုခြင်းက ဘယ်လိုအချိုးကျလဲ ဆိုရင် များသောအားဖြင့် အချစ်ပါမှ အိမ်ထောင်တစ်ခုက တည်မြဲမယ်လို့ သတ်မှတ်ကြတာပေါ့။ အိမ်ထောင်ပြုဖို့ အချစ်က အများကြီး အရေးကြီးပါတယ်။

မိုးထက်ကျော်

No votes yet