Photo

ရီးယဲလ်မှ ထွက်ခွာလိုကြောင်း ကာကာဝန်ခံ

By SoccerMyanmar 30 August, 2013 - 13:07

ရီးယဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား ရီကာဒို ကာကာအနေဖြင့် အသင်းမှ ထွက်ခွာရန် အသင့်ရှိနေပြီဟု သိရှိရသည်။  ဘရာဇီးလ် လက်ရွေးစင်ဟောင်း ကာကာသည် (၂၀၀၉) ခုနှစ်က (ထိုစဉ်က) ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၆) သန်းဖြင့် အေစီမီလန်မှ ရီးယဲလ်သို့ ကူးပြောင်းလာခဲ့သည်။ သို့သော်လည်း ဘာနေဗျူးတွင် ဒဏ်ရာဖိစီးမှုများကြောင့် အခြေမကျ ဖြစ်ခဲ့သလို ဂျာမန်လက်ရွေးစင် မီဆွတ်အိုဇေးလ်၏ နေရာကို ကျော်လွန်နိုင်ခြင်း မရှိခဲ့ချေ။ ယခုနွေရာသီတွင် ရီးယဲလ်သို့ ကွင်းလယ် တိုက်စစ် ကစားသမား အစ္စကိုပါ ထပ်မံရောက်ရှိလာသည့်နောက် ကာကာအတွက် ပွဲထွက်ခွင့် မျှော်လင့်ချက်သည် အကန့်အသတ် ပိုမိုကြီးမားလာခဲ့သည်။

ကြာသပတေးနေ့က ဒီပို့တီဗို လာကရူးနားကို (၄-၀) ဖြင့် အနိုင်ရသော ခြေစမ်းပွဲတွင် (၂) ဂိုးသွင်းခဲ့သော်လည်း ကာကာအနေဖြင့် တရားဝင် ပြိုင်ပွဲများတွင် ပါဝင်ခွင့် အလွန်နည်းပါးဖွယ် ရှိနေသည်။ ၎င်းက "ကျွန်တော် အသင်းကနေ ထွက်ခွာချင်ပါတယ်။ ဒါဟာ အသင်းအတွက်ရော၊ ကျွန်တော့်အတွက်ပါ လမ်းခွဲဖို့ သင့်တော်တဲ့ အချိန်ပဲလေ" ဟု ဆိုသည်။ (၂၀၀၇) ခုနှစ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိဖူးသည့် အသက် (၃၁) နှစ်အရွယ် ကစားသမားက "ကျွန်တော် နည်းပြ ကာလို အန်ဆလော့တီကိုလည်း စကားပြောပြီးပါပြီ။ ကလပ်အသင်းကိုရောပဲ။ သူတို့က ကျွန်တော့် ဆန္ဒကို နားလည်ပေးပါတယ်"ဟုလည်း ဖွင့်ဟခဲ့သည်။

ကာကာက ဆက်လက်၍ "ခုချိန် အသင်းမှာ ကျွန်တော့် အခြေအနေတွေက ပိုပိုပြီး ခက်ခဲလာပါတယ်။ ကျွန်တော် ဘာလိုချင်တယ် ဆိုတာကို အသင်းက သိပြီးသားပါ။ ခုချိန်မှာ ကျွန်တော် လေ့ကျင့်ရေးအပေါ် အာရုံစိုက်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အဖေကတော့ တခြားအသင်း တချို့နဲ့ စပြီး ဆက်သွယ်နေပါပြီ။ ကျွန်တော်ရော၊ အသင်းအတွက်ပါ အကောင်းဆုံး အရာကို ရွေးချယ်နိုင်ဖို့ မျှော်လင့်ပါတယ်" ဟုလည်း ပြောဆိုသွားသည်။ ကာကာကို အသင်းဟောင်း မီလန်က ပြန်လည် ခေါ်ယူဖွယ် ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ မီလန် ဒုတိယ ဥက္ကဋ္ဌ အက်ဒရီယာနို ဂယ်လီယာနီက "ကာကာဟာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရှိနေသူပါ။ ဘာတွေ ဖြစ်လာမယ် ဆိုတာတော့ စောင့်ကြည့်တာပေါ့" ဟုသာ မတင်မကျ မှတ်ချက်ပြုထားသည်။

Ref: skysport

No votes yet