Photo

ရွှေတိဂုံစေတီသို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်သည်များတွင် ကိုရီးယား နိုင်ငံသားများ အများဆုံးပါဝင်

By 7Day News 30 August, 2013 - 13:40

ရွှေတိဂုံစေတီတော်သို့  သြဂုတ်လအတွင်း လာရောက်လည်ပတ်သော နိုင်ငံခြားသား ဧည့်သည်များ အနက် ကိုရီးယားလူမျိုး အများဆုံးဖြစ်ကြောင်း  ရွှေတိဂုံစေတီတော် ဂေါပကရုံးမှ သတင်းရရှိသည်။ ရွှေတိဂုံစေတီတော်သို့ သြဂုတ်လတွင် ကိုရီးယားလူမျိုး ရှစ်ထောင်ကျော် လာရောက်ခဲ့ကြသည်။ ဒုတိယအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး လူဦးရေ ၃,၇၀၀ ကျော်နှင့် တတိယအများဆုံး နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်၍ လူဦးရေ ၁,၅၀၀ ကျော် လာရောက် လေ့လာခဲ့ကြသည်ဟု သတင်းရရှိသည်။ သြဂုတ်လတွင် စုစုပေါင်း လာရောက်ခဲ့သော လူဦးရေမှာ ၁၈,၀၀၀ ကျော်ဖြစ်၍ ဧည့်ဝင်ကြေး အမေရိကန်ဒေါ်လာ ကိုးသောင်းကျော် ရရှိခဲ့သည်။ ဇူလိုင်လက ထိုင်းလူမျိုးအများဆုံး လာရောက်ခဲ့ပြီး ကိုရီးယား လူမျိုးမှာ ဒုတိယ၊ တရုတ်လူမျိုးမှာ တတိယနေရာတွင် ရှိခဲ့သည်။

ဇွန်လ စာရင်းဇယားများအရလည်း ယင်းပုံစံအတိုင်းပင် ဖြစ်သည်။ ယခင်လများက ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ နိုင်ငံခြားသားအများဆုံး လာရောက်ခဲ့ကြသည်ဟု သိရသည်။ “ထိုင်းက အိမ်နီးချင်းလည်း ဖစ်တယ်။ ဗုဒ္ဓဘာသာလည်း ဖြစ်တော့ ပိုများလေ့ရှိတယ်” ဟု ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သော  မီဒီယာအစည်းအဝေးတွင် ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။ ဘုရားဖူးရာသီ မဟုတ်သော ယင်းလများတွင် နိုင်ငံခြားသားဦးရေ သိသိသာသာ ကျဆင်းခဲ့ပြီး ဧပြီလမှစတင်၍ လာရောက် လေ့လာသော နိုင်ငံခြားသား ဦးရေနည်းပါးခဲ့သည်ဟု သိရသည်။ ဘုရားဖူးရာသီများတွင် ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသား ငါးသောင်းကျော် လာရောက်လေ့ရှိသော်လည်း ဧပြီလမှ စတင်၍ ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသား နှစ်သောင်းကျော်သာ လာရောက်ခဲ့သည်။

အိမွန်ကျော်

No votes yet