Photo

ပင်လယ်ရေကြောင်း သွားလာမှု လွတ်လပ်ခွင့်များ အဓွန့်ရှည်ရန် အမေရိကန်နှင့် ဖိလစ်ပိုင် သဘောတူ

By 7Day News 30 August, 2013 - 13:58

အရှေ့တောင်အာရှ ဒေသအတွင်း တရုတ်နှင့် အခြားနိုင်ငံများကြား ပင်လယ်ရေပြင် ပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားနေသည့် အတောအတွင်း အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က ပင်လယ်ရေကြောင်း သွားလာမှု လွတ်လပ်ခွင့်များ အဓွန့်ရှည်စေရန်  သဘောတူ လိုက်သည်။ ဖိလစ်ပိုင်နှင့် အမေရိကန်စစ် ဦးစီးချုပ်များသည် မကြာမီက တွေ့ဆုံ ဆွေးနွေးပြီးနောက် ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်စစ်ရေးအင်အား တိုးချဲ့ချထားရေးကို သဘောတူခဲ့ပြီး ယင်းသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အီမန်နျူရယ် ဘော်တစ်စတာနှင့် ကန်ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာတင်ဒမ့်ပ်ဆေးတို့ ပူးတွဲ ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲတွင် “မိမိတို့ဟာ ပင်လယ် ရေကြောင်း လွတ်လပ်စွာ သွားလာခွင့်ကို ဘုံအကျိုးစီးပွားအဖြစ် သဘောထားပါတယ်။ ဥပဒေအရ ကူးသန်းရောင်းဝယ်ခွင့်၊ ပင်လယ်ရေပိုင်နက်တွေ တစ်လျှောက် လူတွေနဲ့ ကုန်စည်တွေ ဖြတ်သန်း သွားလာခွင့်ကို သဘောတူ လက်ခံပါတယ်” ဟု ဖော်ပြထားသည်။

 

ဗိုလ်ချုပ်ကြီးနှစ်ဦးစလုံးက ကြေညာချက်ထဲတွင် ပင်လယ်ရေပြင်ပိုင်နက် အငြင်းပွားမှုများကို နိုင်ငံတကာ ဥပဒေဘောင်ထဲမှ ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် တိုက်တွန်းထားသည်။ အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားမှုများတွင် မည်သည့်ဘက်ကမှ ဝင်ပါမည်မဟုတ်ကြောင်း ပြောထားပြီး ၁၉၅၁ မှ စ၍ စစ်ရေးမဟာမိတ်ဖြစ်ခဲ့သော ဖိလစ်ပိုင်နိုင်ငံတွင် စစ်ရေးအရ တည်ရှိရန် နည်းလမ်း ရှာကြံသွားမည်ဟု ဆိုထားသည်။ ဖိလစ်ပိုင်နိုင်ငံသည် ယခင်က အမေရိကန်စစ်စခန်း နှစ်ခုကို မနီလာမြို့အနီးတွင် အငှားချထားခဲ့သော်လည်း ၁၉၉၂ တွင် သက်တမ်းကုန်ပြီးနောက် ဖိလစ်ပိုင် လွှတ်တော်ကလည်း ထပ်မံငှားရန် ပယ်ချခဲ့၍ ထွက်ခွာခဲ့ရသည်။ သို့သော် အမေရိကန်နိုင်ငံသည် ၁၉၉၉ တွင် တစ်နှစ်လျှင် တစ်ကြိမ် ပူးတွဲစစ်ရေး လေ့ကျင့်ရေး သဘောတူစာချုပ်သစ်ကို ဖိလစ်ပိုင်နှင့် ချုပ်ဆိုခဲ့ပြီး ၂၀၀၂ မှ စ၍ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင်  အစ္စလာမ်မစ် စစ်သွေးကြွများကို တိုက်ခိုက်ရန် ပါဝင် လှုပ်ရှားနေသည်။

Ref: AFP

No votes yet