Photo

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တံခါးပိတ် ဆွေးနွေး

By Yatanarpon 2 September, 2013 - 11:00

စက်တင်ဘာလ ၂ ရက်။    ။ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ထပ်မံ လုပ်ဆောင်မည်ဟု  ကြွေးကြော်ထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် သြဂုတ်လ ၃၁ ရက်နေ့တွင် သီးသန့် ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း NLD ပါတီ၏ နေပြည်တော် ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြင့်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ လယ်တော အိမ်ရာတွင် ၎င်းတို့ နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သူတို့နှစ်ဦးတည်း ဆွေးနွေးတာပါ။ တခြားဘယ်သူမှ ဝင်ခွင့် မရခဲ့ပါဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။ အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို နှစ်ဖက် ထုတ်ပြန်မှု ပြုလုပ်ခဲ့ခြင်း မရှိပေ။ ယင်းတွေ့ဆုံမှုသည် ၎င်းတို့ နှစ်ဦးအကြား လေးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် တစ်ကြိမ်နှင့် ၂၀၁၂ ခုနှစ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်တွင် တစ်ကြိမ် တွေ့ဆုံထားသည်။

၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှု အပြီးတွင် သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား လွှတ်ပေးခြင်းနှင့် လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းအချို့ ပြင်ဆင်ပေးမှုကြောင့် NLD ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ပြီး ယင်းပါတီဥက္ကဋ္ဌရာထူး လက်ခံရယူသူ သူရဦးရွှေမန်းနှင့် သဘောထား ကွဲလွဲမှုများ ဖြစ်နေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဝေဖန်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ပြောဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်လိုပြီး ၎င်း ယှဉ်ပြိုင်နိုင်ရန် အခြေခံဥပဒေကို ပြင်ဆင်ပေးရန် အစိုးရနှင့် လွှတ်တော်သို့ တိုက်တွန်းထားသည်။

ရတနာပုံသတင်း
Ref: The.VoiceWeekly

No votes yet