Photo

အချစ်ဟောင်းနှင့် ပြန်လက်တွဲမည့် သတင်းများကို ရှာဇင်ဂါ ငြင်းဆို

By Planet 3 September, 2013 - 09:39

မိမိ၏ အချစ်ဇာတ်လမ်းဟောင်းကို အစပြန်ဖော်ရန် လုံးဝ အစီအစဉ် မရှိဟု နစ်ကိုးလ်ရှာဇင်ဂါက ထုတ်ဖော် ပြောကြားလိုက်သည်။ ဗြိတိသျှ ဖော်မြူလာဝမ်း ကားမောင်းသမား လူးဝစ်ဟယ်လ်မီတန်နှင့် လမ်းခွဲခဲ့ပြီးနောက် Pussycat Dolls အဖွဲ့ဝင်ဟောင်း အဆိုတော် အနေဖြင့် ဟယ်လ်မီတန်နှင့် ပြန်လည် ဆက်သွယ်နေကြောင်း သတင်းအချို့က ခန့်မှန်း ရေးသားခဲ့သည်။ ထို့အပြင် နစ်ကိုးလ်နှင့် နီးစပ်သူ အချို့က ယင်းတို့စုံတွဲ အနေဖြင့် ပြန်လည်လက်တွဲရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ပြောဆိုခဲ့ကြသော်လည်း ယခုအခါ နစ်ကိုးလ် ကိုယ်တိုင်က ယင်းအခြေအနေများကို ပြတ်ပြတ်သားသား ငြင်းချက်ထုတ်သွားခဲ့သည်။

အသက် (၃၅) နှစ်ရှိ နစ်ကိုးလ်က The Sun နှင့် အင်တာဗျူးတွင် "တကယ့် အမှန်တရားက ကျွန်မတို့ချင်း ဘယ်တော့မှ ထပ်မနီးစပ်တော့ဘူး ဆိုတာပါ။ ကျွန်မတို့ နှစ်ယောက် လမ်းခွဲပြီးတဲ့နောက် သူ့ဘက်က ကျွန်မကို ပြန်နီးစပ်ဖို့ လူသိရှင်ကြား ချဉ်းကပ်ခဲ့တာတွေ ရှိမှန်း အားလုံးအသိပါ။ ဒါပေမဲ့ ကျွန်မတို့ချင်း လုံးဝ နီးစပ်မှု မရှိပါဘူး" ဟု ပြောကြားခဲ့သည်။ လူးဝစ်သည် ဟန်ဂေရီ ဂရင်းပရီတွင် အောင်ပွဲခံစဉ်က မိမိ၏ အောင်မြင်မှုကို ဘဝတွင် အရေးအပါဆုံး သူတစ်ဦးအတွက် ရည်စူးကြောင်း ပြောဆိုခဲ့ဖူးသည်။ ယင်းနှင့် ပတ်သက်၍ နစ်ကိုးလ်က "သူ့ရဲ့ ကောင်းတဲ့ အချက်တွေထဲက တစ်ခုပါပဲ။ ကျွန်မ အနေနဲ့တော့ တချို့ကိစ္စတွေကို အသိအမှတ် ပြုမနေချင်တော့ဘူး။ ရိုးရိုးသားသား ပြောရရင် အနာဂတ်က ဘာလဲဆိုတာ ကျွန်မ လုံးဝ မသိပါဘူး။ ဒါပေမဲ့ ခုချိန်မှာ ကျွန်မတို့ နှစ်ယောက်ရဲ့ ဘဝချင်းက တသီးတခြားပါပဲ" ဟုလည်း ဆက်လက် ပြောကြားသွားသည်။

No votes yet