Photo

ပြစ်မှု ကျူးလွန်သူများကို ညှဉ်းပန်း နှိပ်စက်ခြင်း၊ အမှုမဖွင့်ပေးခြင်းတို့နှင့် ပတ်သက်၍ တိုင်ကြားလာမှုကြောင့် ရဲစခန်းများတွင် CCTV ကင်မရာများ တပ်ဆင်

By Yatanarpon 4 September, 2013 - 11:26

စက်တင်ဘာလ ၃ ရက် ။    ။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရဲစခန်းများတွင် CCTV ကင်မရာများ တပ်ဆင်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သတင်း ရရှိသည်။  ယင်းကဲ့သို့ ရဲစခန်းများတွင် CCTV ကင်မရာ တပ်ဆင်ရာ၌ ရဲစခန်းအတွင်းရှိ ပြည်သူများ အမှုလာရောက် တိုင်တန်းသည့် နေရာနှင့် ကျူးလွန်သူများကို အမှုစစ်ဆေးသည့် နေရာများတွင် အဓိက တပ်ဆင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက ပြောကြားခဲ့သည်။ ''ကျွန်တော့် ခရိုင်အတွင်းမှာရှိတဲ့ ရဲစခန်းတွေမှာတော့ သြဂုတ်အတွင်းက စပြီးတော့ CCTV ကင်မရာတွေ တပ်ဆင်နေပါတယ်။ စက်တင်ဘာလ အတွင်းမှာ ပစ္စည်းရရှိမှုအပေါ် မူတည်ပြီးတော့ အပြီး တပ်ဆင်သွားပါမယ်။ တပ်ဆင်ရခြင်းရဲ့ အကြောင်းအရင်းကတော့ အမှုစစ်ဆေးတဲ့အခါမှာ စွပ်စွဲမှုတွေ တိုင်ကြားမှုတွေ ရှိလာတဲ့အတွက် အထင်အမြင် လွဲမှားမှုတွေ မရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တိုင်ကြားလာခဲ့ရင်လည်း သက်သေရရှိဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ မတော်တဆ လွဲမှားမှုလေးတွေ မဖြစ်စေချင်လို့ ဖြစ်ပါတယ်'' ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရဲစခန်းများတွင် CCTV ကင်မရာတွေ တပ်ဆင်မှုနှင့် ပတ်သက်၍လည်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကြည်က ''အမှုလာတိုင်တဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေက အမှုမဖွင့်ပေးဘူး။ ပြစ်မှုကျူးလွန်တဲ့ သူတွေကို ညှဉ်းပန်း နှိပ်စက်တာတွေ ရှိတယ်လို့ တိုင်ကြားလာမှုကြောင့် အမှုလက်ခံ ဆောင်ရွက်ပေးတဲ့ နေရာနဲ့ အမှုစစ်တဲ့ အခန်းတွေမှာ CCTV ကင်မရာတွေ တပ်ဆင်ရတာ ဖြစ်ပါတယ်။ အချို့ တိုင်ကြားမှုတွေကလည်း မဟုတ်မမှန် တိုင်ကြားမှုတွေ ရှိနေတယ်။ အဓိကကတော့ ပြည်သူတွေကို ပွင့်လင်းမြင်သာမှု ရှိစေဖို့ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန် ၂၈ ရက်က ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်တွင် နေထိုင်ပြီး ပန်းရောင်းသူ မပိုးပိုးမွန်မှာ နေအိမ်ခုတင်ပေါ်၌ ဓားဒဏ်ရာများဖြင့် သေဆုံးမှုဖြစ်စဉ်တွင် ကျူးလွန်သည်ဟု သံသယရှိသူကို ရဲတပ်ဖွဲ့မှ ဘုရင့်နောင် ရဲစခန်းရှိ စစ်ကြောရေးခန်းမ၌ စစ်ဆေးနေစဉ် ဇူလိုင် ၈ ရက် နံနက် ၃ နာရီခွဲတွင် ရုတ်တရက် မေ့မြောလဲကျပြီး အင်စိန်ဆေးရုံသို့ ပို့နေစဉ် သေဆုံးသွားခဲ့ကြောင်း ရဲတပ်သား အဆင့်မှ ဒုတိယရဲမှူးကြီး အဆင့်ထိ အရေးယူခဲ့ကြောင်း သိရသည်။

Eleven Media Group မှ

No votes yet