Photo

ရန်ကုန်-ကျိုက်ထို အဆင့်မြင့် မီးရထား ပြေးဆွဲမည်

By Yatanarpon 4 September, 2013 - 11:36

စက်တင်ဘာလ ၃ ရက်။    ။ ဒီကနေ့မနက် ၁၀ နာရီက ရန်ကုန်မီးရထား ဘူတာကြီးက တာဝန်ရှိသူများက ပြည်တွင်းမှာ ရှိတဲ့ သတင်းမီဒီယာများကို တွေ့ဆုံပြီး၊  ဂျပန်နိုင်ငံက မှာယူတင်သွင်းလာတဲ့ မီးရထားတွဲနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားမှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီမီးရထားမှာ အတွဲတိုင်းမှာ အင်ဂျင်များ ပါဝင်ပြီး အဲယားကွန်းများ တပ်ဆင်ထားတဲ့ RBE ရထား မီးရထားဖြစ်ကာ အဆိုပါ မီးရထားကို ရန်ကုန်ကျိုက်ထို ခရီးစဉ်အတွက် အသုံးပြု ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ ယခုလ ၇ ရက်နေ့မှ စတင်ကာ ပြေးဆွဲမှာဖြစ်ကြောင်း၊ အဆိုပါ ခရီးစဉ်များမှာ မီးရထား ပုံမှန် ပြေးဆွဲမယ့်ရက်များဟာ ရန်ကုန်-ကျိုက်ထိုခရီးစဉ် (ကျိုက်ထို(၁)) ကို အပတ်စဉ် စနေနေ့တိုင်း ပြေးဆွဲမှာဖြစ်ပြီး၊ ကျိုက်ထို-ရန်ကုန် ခရီးစဉ်အတွက် (ကျိုက်ထို(၂)) ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲမှာ ဖြစ်တယ်လို့ ပြောပါတယ်။

 



အဆိုပါ မီးရထား ခရီးစဉ်မှာ လမ်းရပ်နားမယ့် ဘူတာများကတော့ ပဲခူးဘူတာ၊ ဝေါဘူတာ၊ သိမ်ဇရပ်ဘူတာတို့ ဖြစ်ပြီး၊ ရန်ကုန်ကနေ ကျိုက်ထို ခရီးစဉ်အတွက် လက်မှတ်ခကတော့ လူတစ်ဦးကို (၃၅၀၀) ကျပ် ဖြစ်တယ်လို့ဆိုကာ လက်မှတ်တွေကိုတော့ ရန်ကုန်ဘူတာကနေ အထက်တန်း ရက်ကြို လက်မှတ်ရုံမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ (၅)ရက် ကြိုတင် ရောင်းချပေးသွားမှာ ဖြစ်ကြောင်း၊ ခရီးသွားမယ့်သူ အပါအဝင် လူတစ်ဦးကို လက်မှတ် (၅) စောင်အထိ နိုင်ငံသားစိစစ်ရေး ကဒ်ပြား/ထောက်ခံစာတို့နဲ့ ဝယ်ယူနိုင်တယ်လို့လည်း ပြောပါတယ်၊ လက်ကျန် လက်မှတ်တွေကိုတော့ ရထားထွက်မယ့်နေ့ ရထားမထွက်ခွာမီ (၁၅) မိနစ်အလိုမှာ ရန်ကုန်ဘူတာကြီး လက်ကျန် လက်မှတ်ရုံမှာ ခရီးသွားမယ့်သူ ကိုယ်တိုင် လူတစ်ဦးကို တစ်စောင်နှုန်းနဲ့ နိုင်ငံသားစိစစ်ရေး ကဒ်ပြားနဲ့ ထောက်ခံစာများ ပြသကာ ဝယ်ယူနိုင်တယ်လို့ ရန်ကုန်ဘူတာကြီးမှ ဒုတိယ ရုံပိုင်ချုပ် ဦးရဲလွင်က ပြောပါတယ်။

 



ဒါ့အပြင် ခရီးသွားများ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက်ကိုလည်း ကျိုက်ထိုဘူတာကနေ ကင်မွန်းစခန်းကို သွားရောက်နိုင်ရေး အတွက် မြန်မာ့မီးရထားမှ ကျိုက်ထိုမော်တော်ယာဉ် အသင်းနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးထားကြောင်း မော်တော်ယာဉ် စီးနင်းခကိုတော့ ခရီးသည်များက ကိုယ်တိုင်ကိုယ်ကျ ပေးဆောင်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

 

ရတနာပုံသတင်း

No votes yet