Photo

မော့ဆက်စ်နှင့် လူကာကူတို့ကို အငှားချခဲ့သည့်အပေါ် မော်ရင်ဟိုရှင်းလင်း

By SoccerMyanmar 4 September, 2013 - 15:24

ဈေးကွက် ပိတ်ခါနီးတွင် အငှားချလိုက်သည့် လူငယ် ကစားသမား (၂) ဦးသည် ချယ်လ်ဆီးတွင် ရေရှည်အတွက် ရည်ရွယ်ခြင်း ခံထားရကြောင်း ဟိုဆေး မော်ရင်ဟိုက ရှင်းလင်း ပြောကြားလိုက်သည်။  တိုက်စစ်မှူး ရိုမီလူ လူကာကူကို အဲဗာတန်သို့ အငှားချခဲ့ပြီး တောင်ပံသမား ဗစ်တာမော့ဆက်စ်ကို လီဗာပူးလ်ထံ ပြောင်းရွှေ့ခွင့် ပေးလိုက်ခြင်းသည် ၎င်းတို့ကို မလိုအပ်၍ မဟုတ်ကြောင်း ချယ်လ်ဆီး မန်နေဂျာက ရှင်းလင်းခဲ့သည်။ ပေါ်တူဂီသား မန်နေဂျာက အသက် (၂၀) ဝန်းကျင်သာ ရှိသေးသော ကစားသမား (၂) ဦးကို အတွေ့အကြုံပိုင်း ပိုမိုပြည့်ဝစေလို၍ အငှားထွက်ခွာစေခဲ့ခြင်းဟု ပြောဆိုသွားသည်။ ဘယ်လ်ဂျီယံ လူငယ်တိုက်စစ်မှူးလေး လူကာကူသည် ဆမ်မြူရယ်လ်အီတူး ရောက်ရှိလာချိန်တွင် အသင်း၌ နေရာပျောက်နေမည့် သဘောရှိနေသည်။

နိုက်ဂျီးရီးယား တောင်ပံလူ မော့ဆက်စ်မှာလည်း ဝီလျံ၊ အန်ဒရီရှာရဲလ်နှင့် ကီဗင်ဒီဘရွမ်းတို့ကဲ့သို့ တောင်ပံသမားများ ရောက်ရှိလာချိန်တွင် စတမ်းဖို့ဒ်ဘရစ်ဂ်ျ၌ ပွဲထွက်ခွင့် ကန့်သတ်ချက် ကြီးမားသွားခဲ့သည်။ မော်ရင်ဟိုက "ဈေးကွက်ပိတ်ရက်တွေမှာ ကစားသမားတွေကို ထုတ်ရောင်းဖို့၊ ဒါမှမဟုတ် ဝယ်ယူဖို့ ဆိုတာမျိုးကို မစဉ်းစားသင့်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မော့ဆက်စ်နဲ့ လူကာကူကို အငှားချဖို့ ဆုံးဖြတ်လိုက်တယ်။ လောလောဆယ် သူတို့ကို ဆက်ထိန်းထားတာထက် ဒီနည်းလမ်းက ပိုအဆင်ပြေမယ်လို့ ယူဆတာကြောင့်ပါ။ သူတို့နှစ်ယောက် အငှားထွက်ခွာတာဟာ အသင်းအတွက်ရော၊ သူတို့အနာဂတ် အတွက်ပါ ပိုကောင်းလာပါမယ်" ဟု ဆိုသည်။

၎င်းက "လူကာကူ နေရာက စဉ်းစားကြည့်ရအောင်။ အီတူးအပြင် ဖာနန်ဒိုတောရက်စ်နဲ့ ဒမ်ဘာဘားတို့ပါ ကျွန်တော်တို့ တိုက်စစ်မှာ ရှိနေတယ်။ ဒါကြောင့် လူကာကူအတွက် ပွဲကစားခွင့်က နည်းနေမှာ အမှန်ပဲ။ ခုရွေးချယ်မှုမှာ သူဟာ သီတင်းပတ်တိုင်းလိုလို ပွဲကစားခွင့်ကို မျှော်လင့်နိုင်လိမ့်မယ်" ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ကျွန်တော်တို့ဟာ ဒီကစားသမားလေး နှစ်ယောက်လုံးကို အနာဂတ် စီမံကိန်းအတွက် ရည်ရွယ်ထားပြီးသား ဖြစ်ပါတယ်။ လူကာကူဟာ ရွေးချယ်စရာ ကလပ်အသင်းတွေ အများကြီး ရှိနေခဲ့တဲ့သူပါ။ ဘာပဲဖြစ်ဖြစ် သူ့ဆန္ဒကို ကျွန်တော်တို့ လေးစားဖို့ လိုပါတယ်" ဟုလည်း ပြောကြားသွားခဲ့သည်။

Ref: goal

No votes yet