Photo

အသင်းပြောင်းခွင့် ပိတ်ပင်ခံရ၍ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ဘန်တနာ ဝန်ခံ

By SoccerMyanmar 4 September, 2013 - 15:27

အသင်းမှ ထွက်ခွာလိုသည့် မိမိ၏ ဆန္ဒကို အာဆင်နယ်က ပိတ်ပင်ခဲ့ခြင်း အတွက် စိတ်ပျက်မိကြောင်း နစ်ကလက်စ် ဘန်တနာက ဝေဖန် ပြောကြားလိုက်သည်။  အသက် (၂၅) နှစ်ရှိ ဒိန်းမတ် တိုက်စစ်မှူးသည် ပြီးခဲ့သည့် ဘောလုံးရာသီ နှစ်ခုတွင် ဆန်းဒါးလန်းနှင့် ဂျူဗင်းတပ်စ် အသင်းများသို့ အငှားသွားရောက် ကစားခဲ့ရသည်။ ဘန်တနာကို တန်းတက် ခရစ္စတယ်လ်ပဲလေ့စ်က ဆက်သွယ် ခဲ့သော်လည်း အာဆင်နယ်က နောက်ထပ် တိုက်စစ်သမားတစ်ဦး မဖြည့်တင်းနိုင်မချင်း ၎င်းကို ထွက်ခွာခွင့် မပေးသေးဘဲ ဆိုင်းငံ့ထားစေခြင်းကြောင့် ဘန်တနာ အနေဖြင့် အမ်းမရိတ်စ်တွင်သာ ဆက်ရှိနေခဲ့သည်။ အာဆင်နယ်သည် ချယ်လ်ဆီး တိုက်စစ်မှူး ဒမ်ဘာဘားကို အငှားခေါ်ယူရန် ဆက်သွယ်မှု မအောင်မြင်သည့်နောက် ဘန်တနာလည်း အသင်းပြောင်းခွင့် မရတော့ချေ။

အာဆင်နယ်နှင့် ယခင်ကတည်းက ဆက်ဆံရေး အေးခဲမှုများ ရှိနေသည့် ဘန်တနာက မိမိ၏ စိတ်ပျက်ဒေါသ ထွက်မှုကို ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ အသေးစိတ်ရေးသား အသိပေးခဲ့သည်။ ၎င်းက အခြားကလပ် အသင်း တစ်ခုတွင် စိန်ခေါ်မှုသစ်များ ရင်ဆိုင်ရန် အခွင့်အရေးကို အာဆင်နယ်က ပယ်ချခဲ့ကြောင်း စွပ်စွဲထားသည်။ "အာဆင်နယ်နဲ့ ကျွန်တော့်ကြားမှာ လျှို့ဝှက်စရာ ဘာအကြောင်းမှ မရှိတဲ့ သဘောတူညီချက်တစ်ခု ရှိပါတယ်။ (၂၀၁၃) ခုနှစ်၊ နွေရာသီမှာ ကျွန်တော် အသင်းကနေ ထွက်ခွာနိုင်တယ် ဆိုတာပါ။ ဒီတစ်ပတ်ထဲမှာ အသင်းတစ်ခုနဲ့ အပြောင်းအရွှေ့ကိစ္စ သဘောတူညီမှု ရရှိခဲ့ပေမယ့် အာဆင်နယ်က တခြားတိုက်စစ်မှူး တစ်ယောက်ကို မခေါ်နိုင်တာကြောင့် ကျွန်တော့်ကို အသင်းပြောင်းခွင့် တားဆီးခဲ့တယ်" ဟု ဘန်တနာက ဆိုသည်။

၎င်းက "ကျွန်တော် အင်မတန် စိတ်ပျက်မိတာ အမှန်ပါပဲ။ ကျွန်တော်က စိန်ခေါ်မှုသစ် တစ်ခုကို မျှော်လင့်နေတာပါ။ ကလပ်အသင်းသစ် တစ်ခုနဲ့ အင်္ဂလန် ဘောလုံးလောက ဖြတ်သန်းမှုကို အသစ်ပြန်စဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အမှန်တရား တစ်ခုက ကျွန်တော်ဟာ ဘောလုံးကို ပုံမှန် ကစားခွင့် ရချင်နေတာပါ။ အာဆင်နယ်ဟာ ကစားသမား တစ်ယောက်အတွက် အလားအလာကောင်းတွေ ဖန်တီးပေးနိုင်တဲ့ နေရာအဖြစ် ကျွန်တော် ယုံကြည်ပါတယ်။ ခုလောလောဆယ်တော့ ကျွန်တော် ကြံ့ခိုင်မှုအပြည့် ပြန်ရပြီး ပုံစံကောင်း ရှိနေအောင် ကြိုးစားပါမယ်။ ဆန်းဒါးလန်းနဲ့ ဂျူဗင်းတပ်စ် အသင်းတွေမှာ ကျွန်တော် အငှားထွက်ကစားပြီး အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ အာဆင်နယ်နဲ့အတူ အောင်မြင်တဲ့ ရာသီတစ်ခု ဖြတ်သန်းနိုင်ဖို့ အစွမ်းကုန် လုပ်ဆောင်သွားပါမယ်" ဟုလည်း ကြေညာချက်တွင် ထည့်သွင်းရေးသားထားခဲ့သည်။

Ref: goal

No votes yet