Photo

သွေးလှူရှင်အဖွဲ့များနှင့် ဆက်သွယ်နိုင်မည့် မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ် ထုတ်လုပ်မည်

By Internet Journal 4 September, 2013 - 15:44

အရေးပေါ် သွေးလိုအပ်သည့် အခါ၌ သွေးလှူရှင် အဖွဲ့များနှင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ် အဖြစ် ရေးသားထားကြောင်း၊  အဆိုပါ ဆော့ဖ်ဝဲလ်ကို လာမည့် စက်တင်ဘာလ ပထမ အပတ်အတွင်း အခမဲ့ ဖြန့်ချိသွားမည်ဖြစ်ကြောင်း ဆော့ဖ်ဝဲလ် ရေးသားခဲ့သူ ကိုအောင်စည်သူက ပြောသည်။

အဆိုပါ ဆော့ဖ်ဝဲလ်၌ ရန်ကုန်မြို့ရှိ သွေးလှူရှင် အဖွဲ့ပေါင်း ၄၀ ကျော်အပါအဝင် မန္တလေးမြို့မှ သွေးလှူရှင် ၁ ဖွဲ့၊ မုံရွာမြို့မှ သွေးလှူရှင် ၁ ဖွဲ့တို့ကို ဆက်သွယ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ “အင်တာနက်ရှိရင် နောက်ပိုင်း Update  တွေကိုလည်း ထပ်ပြီးတော့ ရရှိမှာပါ။ အခု ပရိုဂရမ်ကတော့ ရေးလို့ပြီးသွားပြီ။ Data သွင်းပြီးတာနဲ့ အသုံးပြုခွင့် ပေးတော့မှာပါ” ဟု ကိုအောင်စည်သူက ဆိုသည်။

 

ဆော့ဖ်ဝဲလ်ကို လာမည့် တစ်ပတ်အတွင်း code.google.com တွင် Myanmar Emergeycy Needs အမည်ဖြင့် တင်ဆက် ပေးသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ရယူ အသုံးပြုနိုင်ကြောင်း သိရသည်။ “ကျွန်တော်အနေနဲ့ နောက်ပိုင်းတွေမှာ ရဲစခန်း၊ မီးသက် စတာမျိုးတွေရဲ့ ဆက်သွယ်ရန် လိပ်စာတွေကိုပါ ထည့်သွင်းပေးချင်ပါတယ်” ဟု ကိုအောင်စည်သူက ပြောသည်။ “ကျွန်တော် ကိုယ်တိုင်က လေးလတစ်ခါ သွေးလှူပါတယ်။ သွေးလှူအဖွဲ့ အဆက်အသွယ်တွေလည်း ရှိပေမယ့် တကယ်တမ်းဖြစ်ရင် သွေးရှာဖို့ဆိုတာ မလွယ်ပါဘူး။ ဆေးရုံတွေမှာ သွေးလိုရင် ဆက်သွယ်ဖို့ ရေးထားတာတွေ ရှိတာလည်း တကယ်တော့ အဆင်မပြေဘူး။  ဒီလိုမျိုး ဆက်သွယ်လို့ ရမယ့်ဟာတွေကို တစ်နေရာတည်း တစ်စုတစ်ဝေးနဲ့ များများရှိရင်တော့ ကောင်းတယ်” ဟု မကြာသေးမီက သွေးလိုက်လံ ရှာဖွေခဲ့သူ ကိုမြင့်ဇော်အောင်က ပြောသည်။  

မြင့်ကျော်လှိုင်

No votes yet