Photo

McWll ဖုန်းတိုးချဲ့မှု ရပ်ဆိုင်းထားသော်လည်း ဝန်ဆောင်မှုပိုင်းကို ဆောင်ရွက်ပေးလျက် ရှိဟုဆို

By Internet Journal 4 September, 2013 - 15:49

McWll ဖုန်းများ တိုးချဲ့ပေးမှုကို ရပ်ဆိုင်းထားသော်လည်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း  အေးချမ်းမေတ္တာ ကုမ္ပဏီ အကြံပေးပုဂ္ဂိုလ် ဒေါ်အေးအေးဝင်းက ပြောသည်။ အဆိုပါ ဖုန်းများနှင့် ပတ်သက်၍ အသုံးပြုရာတွင် အခက်အခဲ တစ်စုံတစ်ရာရှိပါက ဝယ်ယူသည့် နေရာမှတစ်ဆင့် ပြန်လည်ဆောင်ရွက်ပေးကြောင်း ပြောကြားသည်။ “LSP (Local Service Partner) တွေကတစ်ဆင့်  ဝန်ဆောင်မှုပိုင်းကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဝယ်တဲ့နေရာမှာတင် မေးမြန်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အေးအေးဝင်းက ပြောသည်။ McWll ဖုန်းများနှင့် ပတ်သက်၍ မြန်မာတစ်နိုင်ငံလုံးအနှံ့ LSP (Local Service Partner) ၇ ခု ဝန်းကျင်ခန့် ထားရှိထားကြောင်း သိရသည်။

“ရန်ကုန်အပါအဝင် မြစ်ကြီးနား၊ မကွေးတို့မှာ စုစုပေါင်း LSP (၇) ခုဝန်းကျင် ထားရှိပေးထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ LSP များကို ရန်ကုန်တွင် အများဆုံး ထားရှိထားကြောင်း သိရသည်။ McWll စီမံကိန်းတွင် ၂၀၀၉-၂၀၁၀ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၁ ဇွန်လမှ စတင်ကာ တိုးချဲ့ခြင်း မရှိခဲ့တော့ကြောင်း နဂိုတပ်ဆင်ထားသော McWll BTS များဖြင့်သာ ဆက်လက် အသုံးပြုနေကြကြောင်း သိရသည်။ လက်ရှိ လိုင်းမမိသည့် နေရာ၊ သုံးစွဲ၍ မရသည့် နေရာများအတွက် တာဝန်ရှိသူများက အသုံးပြုသူများအား  တောင်းပန်ခဲ့ပြီး သုံးစွဲရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို LSP မှတစ်ဆင့် ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ဖုန်းများကို သန်းခေါင်စာရင်း မိတ္တူ၊ မှတ်ပုံတင် မိတ္တူ၊ ဓါတ်ပုံ (၂) ပုံ၊  တပ်ဆင်ရမည့် လိပ်စာ၊ ဆက်သွယ်ရန် လိပ်စာများဖြင့် ရတနာပုံတယ်လီပို့၏ One Stop Service Center များတွင် ငွေသွင်း လျှောက်ထားခဲ့ရခြင်း ဖြစ်ကြောင်း၊ ငွေသွင်းပြီး ၂၄ နာရီအတွင်း  တပ်ဆင်ပေးကြောင်း သိရသည်။ သုံးစွဲပါက အင်တာနက်နှင့် အသံ အသုံးပြုခ အပါအဝင် ၅ သိန်း၊ အင်တာနက် အသုံးပြုခ နှစ်စဉ်ကြေးကျပ် ၆ သောင်း၊ Fax အသုံးပြုရန် လိုင်းဖွင့်ခ ကျပ် ၁ သောင်းနှင့် SMS တစ်ကြိမ် ပို့ပါက၂၅ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ တိုးချဲ့ပေးမှု ရပ်ဆိုင်းထားသည့် ကာလဖြစ်သော်လည်း နောက်ပိုင်းတွင် ဆက်လက်တိုးချဲ့ရန် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  လက်ရှိတွင် McWll ဖုန်းအသုံးပြုသူ တစ်သောင်းကျော် ရှိကြေငာ်း သိရသည်။

ထွန်းထွန်း

No votes yet