Photo

ယခု နွေရာသီတွင် Box Office ၏ရုံဝင်ကြေး စံချိန်တင်ပမာဏထိ ရရှိခဲ့

By Planet 5 September, 2013 - 11:32

ယခုနွေရာသီ အမေရိက ရုပ်ရှင်ရုံဝင်ကြေး Box Office စာရင်းသည် အမြင့်မားဆုံးအဖြစ် စံချိန်တင် ရပ်တည်နိုင်ခဲ့ကြောင်း  သိရှိရသည်။ Superman: Man of Steel၊ Iron Man 3 နှင့် Despicable Me 2 ကဲ့သို့သော ဇာတ်ကားများကြောင့် အမေရိကန်နှင့် ကနေဒါနိုင်ငံများ၏ နွေရာသီ ရုံဝင်ကြေးသည် ဒေါ်လာ (၄.၇) ဘီလျံထိ ရှိလာကြောင်း Box Office က ဆိုသည်။ အဆိုပါ ပမာဏသည် ပြီးခဲ့သည့်နှစ် နွေရာသီ ရုံဝင်ကြေး စုစုပေါင်း ပမာဏထက် (၁၀.၂) ရာခိုင်နှုန်း ပိုမိုတိုးပွားလာခြင်း ဖြစ်သည်။ ရုပ်ရှင်ရုံများသို့ ဝင်ရောက်ကြည့်ရှုသူ ပမာဏသည်လည်း ယမန်နှစ် နွေရာသီကထက် (၆.၆) ရာခိုင်နှုန်း တိုးပွားကာ (၅၇၃) သန်းကျော် ရှိလာခဲ့သည်။

ရုပ်ရှင်လက်မှတ် ဈေးနှုန်းများ မြင့်တက်လာခြင်းသည်လည်း Box Office ဝင်ငွေတိုးပွားမှုကို အထောက်အကူ ပြုစေကြောင်း သိရသည်။ လက်မှတ်ဈေးနှုန်းများသည် ပျမ်းမျှ (၂၇) ရာခိုင်နှုန်းမျှ မြင့်တက်လာသည်။ အမေရိကန် ရုပ်ရှင်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌဖြစ်သူ ဂျွန်ဖီသီယန်က ယခုအခြေအနေသည် ရုပ်ရှင်လုပ်ငန်း၏ ခိုင်မာမှုကို သက်သေထူနေကြောင်း မှတ်ချက်ပြုခဲ့သည်။ "တချို့ဇာတ်ကားတွေကတော့ မျှော်လင့်ထားတဲ့ အောင်မြင်မှုတွေ မရခဲ့ကြဘူး။ တချို့ဇာတ်ကားတွေကျတော့လည်း ရုံပြည့်တာတောင် လက်မှတ်မရဘဲ ဖြစ်နေတတ်တယ်" ဟု ဖီသီယန်က ဆိုသည်။

ယခုနွေရာသီတွင် The Purge နှင့် The Conjuring အစရှိသည့် ရိုက်ကူးစရိတ် နည်းပါးသော ဇာတ်ကားအချို့များစွာ အောင်မြင်ခဲ့သလို This Is the End နှင့် We're The Millers ဇာတ်မြူးရုပ်ရှင်များသည်လည်း မျှော်လင့်သည်ထက် ဝင်ငွေ အမြောက်အမြား ပိုမိုရရှိခဲ့သည်။ မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့သည့် ဇာတ်ကားများတွင် မင်းသား ဂျွန်နီဒက်ပ် ဦးဆောင်ပါဝင်သည့် The Lone Ranger က အခြေအနေ အဆိုးဆုံး ဖြစ်သည်။ ယင်းဇာတ်ကားအတွက် ဒေါ်လာ (၂၁၅) သန်း အကုန်အကျခံ ရိုက်ကူးခဲ့သော်လည်း ဒေါ်လာ (၈၈.၄) သန်းသာ ဝင်ငွေပြန်လည် ရရှိခဲ့သည်။

No votes yet