Photo

မြန်မာအမျိုးသား ခရစ်ကက်အသင်း ဆီးဂိမ်းတွင် ဆုတံဆိပ် မျှော်မှန်းနိုင်

By Myanmar Times 10 August, 2017 - 21:31

(၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ ပြိုင်ပွဲ၏ ခရစ်ကက်ပြိုင်ပွဲသို့ မြန်မာအသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုတံဆိပ်ရရှိရန် အလားအလာ ကောင်းနေသည်။

 

[ဓါတ်ပုံ - မြန်မာ့လက်ရွေးစင် ခရစ်ကက်ကစားသမား တစ်ဦး လေ့ကျင့်နေသည်ကို ယခုလ အစောပိုင်းက တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်) ]

ဆီးဂိမ်းခရစ်ကက်ပြိုင်ပွဲကို သြဂုတ် ၁၇ ရက်မှ ၂၉ ရက်အထိ မလေးရှားနိုင်ငံရှိ Kinrara ခရစ်ကက်ကွင်းတွင် ကျင်းပမည် ဖြစ်သည်။

ပြိုင်ပွဲကို အိမ်ရှင်မလေးရှား အပါအဝင် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံတို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲဝင်ငါးနိုင်ငံကို အုပ်စုပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး အိမ်ရှင်မလေးရှား ခရစ်ကက် အသင်းသည် ပြိုင်ပွဲဝင်နိုင်ငံတိုင်းအတွက် အဓိကပြိုင်ဘက် ဖြစ်လာမည် ဖြစ်သည်။

''မလေးရှားအသင်းနဲ့ အာရှ ပြိုင်ပွဲတွေမှာ မကြာခဏတွေ့ဖူးတယ်။ တကယ်ကောင်းတဲ့ အသင်းပါ။ အိမ်ရှင်လည်းဖြစ်တော့ အားသာချက်လည်းရှိတယ်။ မလေးရှားက ခရစ်ကက် ပြိုင်ပွဲမှာ ရွှေယူမယ်လို့ ကြွေးကြော်ထားတာ။ ပြင်ဆင်မှုလည်း ကောင်းတော့ အဓိက ပြိုင်ဘက် ဖြစ်လာနိုင်တယ်''ဟု မြန်မာ့လက်ရွေးစင် ခရစ်ကက်အသင်း၏ နည်းပြ ဦးအေးမင်းသန်းက ပြောသည်။

မလေးရှားဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာခရစ်ကက်အသင်းကို ၂ဝ၁၅ ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိအသင်းတွင် စကာတင် အားကစားသမား ၁၅ ဦးပါဝင်ပြီး ကစားသမား အားလုံးသည် နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ ရှိသူများဖြစ်ကြောင်း သိရသည်။

''အသင်းက လူငယ်တွေများတယ် ဆိုပေမဲ့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရှိသူတွေ များတယ်။ တိုင်းနဲ့ ပြည်နယ်ပြိုင်ပွဲက ထွက်ပေါ်လာတဲ့ လူငယ်တွေလည်းပါတယ်။ ဒီပြိုင်ပွဲမှာ လူငယ်တွေရဲ့အင်အားနဲ့ ရွှေတံဆိပ် မဟုတ်တောင် ငွေတံဆိပ်၊ ကြေးတံဆိပ်တွေကို မျှော်မှန်းနိုင်တယ်''ဟု နည်းပြ ဦးအေးမင်းသန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာအသင်းအတွက် အိမ်ရှင် မလေးရှားတစ်သင်းသာ သတိထား ယှဉ်ပြိုင်ရဖွယ်ရှိပြီး ကျန်အသင်းကို သူတင်ကိုယ်တင် ကစားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခရစ်ကက် အားကစားနည်းကို ပရိသတ်စိတ်ဝင်စားမှု နည်းပါးသော်လည်း ကစားသမား ရွေးချယ်ရာတွင် အခက်အခဲ မရှိခဲ့ကြောင်း သိရသည်။ ခရစ်ကက် အားကစားနည်းကို စိတ်ပါဝင်စားသော လူငယ်များစွာရှိသဖြင့် လက်ရွေးစင် အသင်းအတွက် ကစားသမား ရွေးချယ်ရာတွင် အကောင်းဆုံး ကစားသမားများကို ရွေးချယ်နိုင်ခဲ့ကြောင်း ကိုအေးမင်းသန်းက ပြောသည်။

''မြန်မာနိုင်ငံမှာ ခရစ်ကက်အားကစားနည်းကို လူသိနည်းလို့ ကစားတဲ့ သူမရှိဘူးလို့ ထင်နိုင်တယ်။ တကယ်က ကစားသမားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အများကြီး ရွေးချယ်ခွင့်ရခဲ့တယ်။ အခုဆန်ခါတင် ၁၅ ဦးက မြန်မာနိုင်ငံရဲ့ အကောင်းဆုံးတွေလို့ ပြောလို့ရတယ်'' ဟု ပြောသည်။

မြန်မာ့လက်ရွေးစင် ခရစ်ကက်အသင်းသည် ရာသီဥတု အခြေအနေအရ ရန်ကုန်၊ ပြင်ဦးလွင်၊ နေပြည်တော်မြို့များတွင် အလှည့်ကျ လေ့ကျင့်ခဲ့ရခြင်းကြောင့် ကစားသမားများ၏ တိုးတက်မှု နှောင့်နှေးစေကြောင်း ဦးအေးမင်းသန်းက ပြောသည်။

ထို့ပြင်မြန်မာနိုင်ငံတွင် ညဘက်ကစားနိုင်သော ခရစ်ကက်ကွင်းများ မရှိသောကြောင့် ယင်းအချက်သည် ဆီးဂိမ်းတွင် မြန်မာအသင်းအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်သည်။

အိမ်ရှင်မလေးရှားအသင်း၏ ပွဲစဉ်အများစုကို ညဘက်တွင်မီးထွန်း၍ ကျင်းပမည်ဖြစ်ရာ အိမ်ရှင်နှင့် တွေ့ဆုံသည့်ပွဲများတွင် အခက်အခဲဖြစ်လာဖွယ်ရှိသည်။

''မြန်မာကစားသမားတွေက ညဘက် မီးထွန်းပြီးကစားတဲ့ အတွေ့အကြုံမရှိဘူး။ မလေးရှားက အိမ်ရှင်အားသာချက်နဲ့ သူတို့ ပွဲတွေကို ညပိုင်းမှာ ကျင်းပတယ်။ ဒါက ပြိုင်ဘက်အသင်းတိုင်းအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်တယ်''ဟု ၄င်းက ပြောသည်။

မြန်မာ့လက်ရွေးစင် ခရစ်ကက်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် Men's Team 50 Over နှင့် Men's Team - Twenty20 (T20) ပြိုင်ပွဲအမျိုးအစားနှစ်ခုစလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ မလေးရှားဆီးဂိမ်း၏ ခရစ်ကက်ပြိုင်ပွဲတွင် အမျိုးသမီး ပြိုင်ပွဲပါဝင်သော်လည်း မြန်မာအမျိုးသမီး ခရစ်ကက်အသင်းသည် ပြင်ဆင်မှု အားနည်းခြင်းကြောင့် ဝင်ရောက်မယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

ကျော်ဇင်လှိုင်

http://myanmar.mmtimes.com

Your rating: None Average: 5 (1 vote)