Photo

MIC ခွင့်ပြုသည့် ကုမ္ပဏီများတွင် နိုင်ငံခြားသား ခန့်ခြင်းကို အသိမပေးပါက အမည်ပျက် စာရင်းသွင်းသည်အထိ အရေးယူမည်

By 7Day News 19 November, 2017 - 23:23

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုထားသည့် စီးပွားရေး လုပ်ငန်းများတွင် နိုင်ငံခြားသား ဝန်ထမ်းများ ခန့်အပ်ခြင်းကို အသိပေးရန် ပျက်ကွက်ပါက

သက်ဆိုင်ရာကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းသည် အထိ အရေးယူမည်ဟု MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေသည့် စီးပွားရေးကုမ္ပဏီများက နိုင်ငံခြားသားဝန်ထမ်းများ ခန့်ထားလျှင် ကော်မရှင်သို့ ကြိုတင်အသိပေးရန်၊ အကြောင်း အမျိုးမျိုးကြောင့် ကြိုတင်အသိပေးရန် ပျက်ကွက်ခဲ့လျှင် ဝန်ထမ်းခန့်ထားပြီး ခုနစ်ရက်အတွင်း အသိပေးရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စည်းကမ်းချက်ထုတ်ပြန်သည်။ ကော်မရှင်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းချက်များ ဖောက်ဖျက်သည့် ကုမ္ပဏီများကို သတိပေးခြင်း၊ အခွန် သက်သာခွင့်များ ပယ်ဖျက်ခြင်း၊ လုပ်ငန်းများ အချိန်အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်း စသည်တို့ကို တစ်ဆင့်ချင်း စစ်ဆေးပြီး အရေးယူနိုင်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

‘‘တမင်တကာ ချိုးဖောက် တာလား၊ ပေါ့ဆတာလား ဆိုတာ ဦးဆုံးစုံစမ်းစစ်ဆေးမယ်။ ကုမ္ပဏီတွေဘက်ကိုလည်း ဖြေရှင်းခိုင်းမယ်။ အဲဒါတွေပြီးမှ အရေးယူမှုက တစ်ဆင့်ချင်းပဲ။ နောက်ဆုံးအဆင့်က အမည်ပျက် စာရင်းသွင်းသည်အထိ အရေးယူသွားမယ်’’ ဟု ဦးအောင်နိုင်ဦးက ရှင်းပြသည်။ နိုင်ငံခြားသားဝန်ထမ်းများ ခန့်အပ်မည်ဟု ကုမ္ပဏီက အသိပေးမည်ဆိုပါက ၎င်းဝန်ထမ်းများ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်တို့ကို ကော်မရှင်တွင် တစ်ထိုင်တည်း ဆောင်ရွက်နိုင်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

စီးပွားရေးလုပ်ကိုင်ရန် ရင်း နှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားသည့် ကုမ္ပဏီများက နိုင်ငံခြားသားဝန်ထမ်းများ ခန့်ရန်လိုအပ်ပါ က ၂၀၁၇ အောက်တိုဘာ ၂၁ ရက်ကစတင်၍ ကော်မရှင်သို့ ကြိုတင်ခွင့်ပြုမိန့် တင်ရမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ပြည်သိမ်း
Location - ရန်ကုန်
No.1631 Sunday, November 19, 2017
http://www.7daydaily.com

Your rating: None Average: 5 (1 vote)