Photo

မွန်ပြည်နယ်တွင် အရည်အသွေးမြင့် ရော်ဘာမှိုင်းစက်ရုံ ၂၈ ရုံ ပြည်နယ်အစိုးရနှင့် လုပ်ငန်းရှင်များ ပူးပေါင်း တည်ဆောက်မည်

By Yangon Times Journal 29 November, 2017 - 00:20

ငွေကျပ် သိန်းပေါင်း ၇၈၄ဝဝ ခန့်ကုန်ကျမည့် အရည်အသွေးမြင့် ရော်ဘာမှိုင်းစက်ရုံ ၂၈ ရုံကို မွန်ပြည်နယ်အတွင်း တည်ထောင်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

အဆိုပါစက်ရုံများကို မွန် ပြည်နယ်အတွင်းရှိ မုဒုံ၊ သံဖြူဇရပ်၊ ဘီးလင်း၊ ကျိုက်မရောစသည့် ရော်ဘာစိုက်ပျိုးထွက်ရှိမှုများသော ဒေသများတွင် တည်ထောင်သွားမည်ဖြစ် ကြောင်း မွန်ပြည်နယ် ကုန်သည်များ နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးမင်းဗညားစံက''မွန်ပြည်နယ်ထဲမှာ ရော်ဘာထွက်ရှိမှုများတဲ့နေရာ ၂၈ နေရာကို လျာထားပြီးပါပြီ။ အဲဒီနေရာတွေ မှာ ရော်ဘာမှိုင်းစက်ရုံတွေကို တည်ထောင်သွားမှာပါ။ စက်ရုံတည် ထောင်တာနဲ့ပတ်သက်ပြီး ပြည်နယ် အစိုးရက ငွေကြေးတစ်ဝက်စိုက် ပေးမယ်လို့ ပြောထားတာ ရှိပါတယ်။ ကျန်တဲ့ငွေကြေးတစ်ဝက်ကို လုပ်ငန်းရှင်တွေက စိုက်ထုတ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်က ခန့်မှန်းမှိုင်းစက်ရုံတစ်ရုံကို ငွေကျပ် သိန်း ၂၈ဝဝ ကုန်ကျမှာဖြစ်ပါတယ်။ ပြည်နယ်အစိုးရဆီက ငွေကြေးရရင် လုပ်ငန်းစလို့ရပါပြီ။ တချို့နေရာတွေမှာတော့ လုပ်ငန်းစ လုပ်နေတာရှိပါတယ်''ဟု ဒီမိုကရေစီတူဒေးသို့ နိုဝင်ဘာ ၂၇ ရက်တွင် ပြောသည်။

မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းသည် ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ နှင့် နိုဝင်ဘာ ၂၄ ရက်က တွေ့ဆုံစဉ် မွန်ပြည်နယ်အတွင်း ရော်ဘာစင်တာ တစ်ခုတည်ဆောက်ရန်အတွက် မြေနေရာ စီစဉ်ပေးရန်၊ ရော်ဘာအရည်အသွေး မြင့်မားရေးအတွက် တည်ထောင် ဆောက်လုပ်နေသော R.S.S (မှိုင်း)စက်ရုံ ၂၈ ရုံအတွက် အတိုးနှုန်းသက် သာသော နှစ်ရှည်ချေးငွေရရှိရန် ပြည်နယ်အစိုးရမှ ပြည်ထောင်စု အစိုးရထံသို့ တင်ပြထားခြင်းကို အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဦးမင်းဗညားစံက''ထွက်လာတဲ့ ရော်ဘာက အသေးလေးတွေများတယ်။ တစ်ပိုင်တစ်နိုင် အသေးလေး တွေကျတော့ ဂရုမစိုက်ဘူး။ ဂရုမ စိုက်တဲ့အတွက် ထွက်လာတဲ့ရာဘာ တွေကအရည်အသွေးမကောင်းဘူး။ အဲဒါတွေကို အရည်အသွေးမြင့် ရော်ဘာအဖြစ် ထုတ်လုပ်နိုင်ဖို့အတွက် အသင်းကစုပြီး ရော်ဘာမှိုင်း စက်ရုံတွေ တည်ထောင်ပေးဖို့ စီစဉ်တာပါ။ မှိုင်းစက်ရုံတွေတည် ထောင်ပြီးရင် သူတို့ဆီက အရည်တွေ ကျွန်တော်တို့ဆီသွင်းလာပြီးတော့ အရည်အသွေးကောင်း ရော်ဘာတွေ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ အရည်အသွေးကောင်းမှလည်း ဈေးကောင်းရမှာ ဖြစ်တယ်။ ဈေးနှုန်းမှာဆိုရင် အရည်အသွေး ညံ့ရော်ဘာနဲ့ အရည်အသွေး ကောင်းရာဘာမှာ တကယ်အရည် အသွေးကောင်းကောင်း ထုတ်ရင် တစ်ပေါင်ကို ကျပ် ၂ဝဝ နီးပါး လောက် ဈေးကွာပါတယ်။ နည်းနည်းသမားအနေနဲ့ မထူးခြားပေမယ့် အများကြီးသမား အနေနဲ့ ထူးခြားပါတယ်။ အသင်းကအရည်အ သွေးကောင်းရော်ဘာတွေ ထွက်ရှိအောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်''ဟုပြောသည်။ မွန်ပြည်နယ်အတွင်း လက်ရှိ ရော်ဘာစိုက်ပျိုး ဧက သုံးသိန်းခန့်ရှိ ပြီး စိုက်ပျိုးထွက်ရှိသော ရော်ဘာများကို တရုတ်၊ မလေးရှား၊ စင်ကာပူစသည့် နိုင်ငံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

TEEP
#DemocracyToday
http://www.yangonmedia.com

Your rating: None Average: 5 (1 vote)